Kante-Fabinho

ချယ်လ်ဆီး အသင်း ရဲ့ အဓိက ကွင်းလယ် အင်ဂျင် ဖြစ်တဲ့ အန်ဂိုလို ကန်တေ ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ကို နောက်ဆုံး ကစား ခဲ့ပြီးနောက် မနေ့ည က လီဗာပူး နဲ့ ပွဲစဉ် မှာတော့ ချယ်လ်ဆီး အတွက် ပထမဆုံး ပြန်ပြီး ကစား ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ကန်တေ ဟာ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း အတွက် ချေပဂိုး တဂိုး ကို တကိုယ်တော် ခြေစွမ်း နဲ့ လှလှပပ သွင်းယူ သွားခဲ့ပါတယ် ။

ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီကုန်ခါနီး ကတည်းက ဒူးဒဏ်ရာ ရရှိ နေခဲ့ကာ ၄င်းရဲ့ ဒဏ်ရာ ဟာ အတော်လေး ပြင်းထန် တာကြောင့် ကာလရှည် အနားယူ နေခဲ့ရသလို ၊ ဒဏ်ရာ ရှိနေရင်း နဲ့ ကန်တေ ဟာ ချယ်လ်ဆီး အသင်း ရဲ့ အရေးပါတဲ့ ပွဲစဉ် တချို့ ဖြစ်တဲ့ ယူရိုပါလိဂ် ဖလား ဗိုလ်လုပွဲ ၊ ဥရောပ စူပါဖလား ဗိုလ်လုပွဲ တို့ကို ပါဝင် ကစားပေး ခဲ့ပါတယ် ။ ကြံ့ခိုင်မှု မပြည့်ပဲ ကစား ပေးခဲ့တာကြောင့် နောက်ဆက်တွဲ ထိခိုက်မှု တချို့ နဲ့ အတူ အနား ထပ်ယူ ခဲ့ရပြီး အခုအခါ မှာတော့ ချယ်လ်ဆီး အသင်း အတွက် ပြန်ကစား ပေးနိုင်ပြီ ဖြစ်ပါတယ် ။

မနေ့က ပွဲပြီး ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ကန်တေ က အခုလို ဒဏ်ရာ ကနေ အပြီး ပြန်ကောင်း လာပြီ ဖြစ်လို့ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပြန်ကစား ပေးနိုင်ခဲ့တာ သူ့ အတွက် ဝမ်းသာ ရပေမယ့် ၊ အရှုံး ရလဒ် နဲ့ ရင်ဆိုင် ခဲ့ရတာကြောင့် သူ့ အနေနဲ့ စိတ်ပျက် မိရကြောင်း ဆိုခဲ့ပါတယ် ။

ကန်တေ က ” အခုလို အသင်း အတွက် ပြန်ကစား ခွင့်ရတာ ကျွန်တော် အရမ်း ဝမ်းသာ မိပါတယ် ။ ဒီလို ပွဲကြီးပွဲကောင်း တပွဲ မှာ အိမ်ကွင်း ပရိသတ် တွေ ရှေ့မှောက်မှာ ပြန်ကစားခွင့် ရလို့ ကျွန်တေ့ အနေနဲ့ အရမ်း ကို ပျော်ရွှင် မိပါတယ် ။ ရလဒ်ပိုင်း အရ တော့ ကျွန်တော် စိတ်ပျက် ခဲ့ရပေမယ့် အသင်း နိုင်ပွဲတွေ ရဖို့ အတွက် ပြန်ပြီး ကူညီခွင့် ရလို့ ကျွန်တော် ဝမ်းသာ ရပါတယ် ။ ”

kante

” ပွဲချိန် အတွင်းမှာ ကျွန်တော် တို့ဟာ အနိုင် ၃မှတ် ရဖို့ အတတ်နိုင်ဆုံး ကြိုးစား ကစား ခဲ့ပေမယ့် အဆုံးမှာ အရှုံး ရလဒ်ကြောင့် ကျွန်တော် တို့ စိတ်ပျက် ခဲ့မိပါတယ် ။ အလွတ် တည်ကန်ဘော ၂ကြိမ် ကနေ ၂ဂိုး ပေးခဲ့ရလို့ ကျွန်တော် တို့ကို ပြိုင်ဖက် အသင်း က ဖိအား ပေးနိုင် ခဲ့ပေမယ့် ကျွန်တော် တို့ဖက်ကလည်း အခွင့်အရေးကောင်း တချို့ ဖန်တီး နိုင်ခဲ့ပါတယ် ။ ပေးဂိုး ၂ဂိုး ခွင့်ပြု ခဲ့ရပြီးနောက် ပထမပိုင်း အပြီး အဝတ်လဲခန်းထဲမှာ ကျွန်တော် တို့တွေ အားလုံး ဒုတိယပိုင်း မှာ ပြန်လာ နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက် နဲ့ ပြန်လည် စတင် ခဲ့ပါတယ် ။ ”

” ကျွန်တော် တို့ ဒုတိယပိုင်း မှာ ကစားအား မချပဲ ဆက်ပြီး ကြိုးစားခဲ့တာကြောင့် ကျွန်တော့ ရဲ့ သွင်းဂိုး နဲ့ ချေပဂိုး တဂိုး ပြန်ရခဲ့ပါတယ် ။ ဒါ့အပြင် ပြန်လာနိုင်ဖို့ အခွင့်အရေး တချို့ ရခဲ့ပေမယ့် အဆုံးမှာ ကျွန်တော် တို့ လိုချင်တဲ့ ရလဒ် ကို မရခဲ့ပါဘူး ။ ပေးလိုက်ရတဲ့ ပထမဂိုး က အရမ်း လှပ ပါတယ် ။ ဒါပေမယ့် ဒုတိယဂိုး အနေအထား မှာ ကျွန်တော် တို့ ဒီထက် ပိုကောင်းအောင် စွမ်းဆောင် နိုင်ခဲ့သင့်ပါတယ် ။ ”

” ကျွန်တော် ဟာ လက်ကျန် ပွဲစဉ် မှာ ကစားပုံ ကောင်းကောင်း နဲ့ ပြန်လာ နိုင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ဒါပေမယ့် set-piece သွင်းဂိုး တွေက လီဗာပူး အသင်း အတွက် အနိုင် ရလဒ် ကို ဦးတည် စေခဲ့ပါတယ် ။ ဒုတိယပိုင်း မှာ ကျွန်တော် တို့ရဲ့ ကစားပုံ ကောင်းခဲ့တယ် ၊ ချေပဂိုး တဂိုးလည်း ရခဲ့ပေမယ့် သရေ ရလဒ် ရဖို့ အထိတော့ မလုံလောက် ခဲ့ပါဘူး ။ ဒါပေမယ့် လာမယ့် ပွဲစဉ် တွေ အတွက် ယူသွားလို့ ရတဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ စွမ်းဆောင်ရည် နဲ့ အချက်အလက် တွေတော့ ရှိနေခဲ့ပါတယ် ။ ”

” အခု ဒီနေ့ ပွဲစဉ် က ကြိုးစားမှု ပုံစံ အတိုင်း လာမယ့် ပွဲစဉ် တွေမှာ ကျွန်တော် တို့ ထပ်ပြီး ပြသ နိုင်မယ် ဆိုရင်တော့ နိုင်ပွဲ တွေ ပြန်လည် ရရှိနိုင်ပါတယ် ။ အခု အနေအထား ဟာ ကျွန်တော် တို့ အတွက် ကောင်းသော စတင်ခြင်း မဟုတ်ပါဘူး ။ ကျွန်တော် တို့ဟာ ကိုယ် လိုချင်နေတဲ့ နေရာ ကို မရောက်နေသေးပါဘူး ။ ဒါပေမယ့် လာမယ့် ပွဲစဉ် တွေမှာ အနိုင် ရလဒ် တွေ အတွက် တိုက်ပွဲ ဝင်ပြီး ကိုယ်လိုချင်တဲ့ အနေအထား ကို ရောက်အောင် ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR