ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဖရန့် လမ်းပတ် ဟာ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ကို နောဝှစ်ခ်ျ ကို ၂ – ၃ နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ် မှာ နောက်ဆုံး အသုံးပြု ခဲ့ကာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲ ဆက်တိုက် ၄င်းကို တမိနစ် မှ အသုံးမပြု ခဲ့တာကို တွေ့ခဲ့ ရပါတယ် ။

ပူလီဆစ် ဟာ ရာသီ မစတင် ကတည်းက ချယ်လ်ဆီး အသင်း မှာ နေရာ ရဖို့ အတွက် နားရက် ပင် လျှော့ယူပြီး ကြိုးစား ခဲ့တဲ့ အပြင် အစောပိုင်း ပွဲစဉ် တွေမှာ ချယ်လ်ဆီး အသင်း ရဲ့ ညာတောင်ပံ တိုက်စစ် နေရာ မှာ အဓိက ကစားသမား အနေနဲ့ ပါဝင်ခွင့် ရခဲ့ပါတယ် ။ သို့ပေမယ့် လည်း ခန္ဓာကိုယ် အချိုးအစား သေးငယ် တဲ့ အတွက် တွန်းတွန်းတိုက်တိုက် ကစား ရတဲ့ ပရီးမီးယားလိဂ် မှာ ပူလီဆစ် တယောက် အသားကျဖို့ ရုန်းကန် နေရပါတယ် ။

မနေ့ည က လီဗာပူး နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ပူလီဆစ် ဟာ ဒဏ်ရာ ပြဿနာ တွေ မရှိနေပေမယ့် ဝီလီယံ ဟာ လတ်တလော မှာ ပုံစံကောင်း တချို့ ပြန်ရ နေတာကြောင့် ပူလီဆစ် ထက် ပိုပြီး နေရာ ပေးနေတာ ဖြစ်ကြောင်း ၊ ပူလီဆစ် ဟာ ငယ်ရွယ် သေးတာကြောင့် မကြာခင် မှာ သူ့ အတွက် ပွဲထွက်ခွင့် တွေ ထပ်ရလာဖို့ ရှိနေသေးကြောင်း ရှင်းလင်း ပြောဆို ခဲ့ပါတယ် ။

ပူလီဆစ် က ” ခရစ်တီယန် ဟာ ဒဏ်ရာကြောင့် အရန်ခုံ ထိုင်နေရတဲ့ ကစားသမား တွေထဲမှာ မပါဝင်ပါဘူး ။ ဒါပေမယ့် ပွဲထွက် ၁၁ ယောက် အတွက် ကျွန်တော် ကိုယ်တိုင် ရွေးချယ် နေရတာပါ ။ ခရစ်တီယန် ဟာ အခု နောက်ပိုင်း ပွဲစဉ် တွေ မတိုင်မီ ရာသီ အစောပိုင်း ပွဲစဉ် တွေမှာ ပါဝင်ခွင့် ရခဲ့ပါတယ် ။ အခု နောက်ပိုင်း မှာ ဝီလီယံ ဟာ ပုံစံကောင်း တွေနဲ့ ထက်မြက်တဲ့ စွမ်းဆောင်ရည် တွေနဲ့ အတူ ပြန်လာ နေပါတယ် ။ ”

” ဒီနေ့ပွဲ မှာ ခရစ်တီယန် ထက် စာရင် မေဆင် ကို ပိုပြီး အသုံးပြုဖို့ ဆုံးဖြတ် ခဲ့တာပါ ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ဟာ ကွင်းလယ်ပိုင်း တောင့်တင်း ဖို့ အတွက် ပိုလိုအပ် နေခဲ့ပြီး မေဆင် ကို တိုက်စစ်ပိုင်း ပိုပြီး လိုက်ပါ စေချင်လို့ပါ ။ ခရစ်တီယန် ကို မသုံးတာ က ကျွန်တော့ ရဲ့ ဆုံးဖြတ်ချက် တခုသာ ဖြစ်ပြီး သူ့ အနေနဲ့ မကြာခင် မှာ သင့်တင့်တဲ့ ပွဲထွက်ခွင့် တွေ ရလာတော့မှာပါ ။ ”

” နောက်ပြီး ခရစ်တီယန် ဟာ ငယ်ရွယ် သေးတဲ့ ကြယ်ပွင့် ကစားသမား တယောက် ဖြစ်ပါတယ် ။ အခု လက်ရှိ မှာ မေဆင် ၊ တမ်မီ ၊ တိုမိုရီ တို့ အသက် ငယ်သေးတာ ကို ခင်ဗျား တို့ မြင်တွေ့ ရမှာ ဖြစ်ပေမယ့် ခရစ်တီယန် ဟာ သူတို့ တွေထဲက တချို့ ထက်တောင် အသက် ပိုငယ် နေသေးတာကြောင့် သူ့ အတွက် အခွင့်အရေး တွေက သေချာပေါက် ပေါ်လာဦးမှာပါ ။ ”

” အသင်း မှာ အထိုင်မကျသေးလို့လား ဆိုတော့ အဲ့လိုကြီး အတိအကျ ပြောလို့ မရသေးပါဘူး ။ သူ့ ကို နောက်ပိုင်း ပွဲတချို့ မှာ အသုံးမပြုခဲ့ဘူး ဆိုတာ ကျွန်တော့ ရဲ့ ဆုံးဖြတ်ချက် တခုသာ ဖြစ်ပါတယ် ။ သူ သာမကပါဘူး ။ အရန်ခုံ မှာ နောက်ထပ် မိနစ် တွေ ၊ ကစားခွင့် တွေ ပိုရဖို့ ထိုက်တန် တဲ့ ပတ်ဒရို ၊ ဘတ်ရှူဝါရီ ၊ ရော့စ် ဘာကလေ တို့လည်း ရှိနေပါသေးတယ် ။ အခု အချိန် မှာတော့ သူ့ အနေနဲ့ လေ့ကျင့်ရေး အစီအစဉ် တွေမှာ ဆက်လက် ကြိုးစားပြီး စွမ်းဆောင်ရည် ပိုတိုးတက်ဖို့ လုပ်ဆောင် ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ပူလီဆစ် ဟာ ပြီးခဲ့တဲ့ လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ အထူး ခြေစွမ်း ပြနိုင်ခဲ့တာကြောင့် မနေ့ည က စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ ထပ်မံ လက်ခံ ကစား ခဲ့ရတဲ့ လီဗာပူး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း ပူလီဆစ် ကို အသုံးပြု နိုင်လောက်တယ် လို့ ပရိသတ် တွေက မျှော်မှန်း ထားခဲ့ပေမယ့် ဖရန့် လမ်းပတ် ကတော့ ၄င်းအစား ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ မေဆင်မောင့် ကိုသာ အသုံးပြု ခဲ့ပါတယ် ။

SPORTS MYANMAR