ဂျေမီကာရေဂါ က လီဗာပူး အသင်းအနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ တွေ့မယ် ဆိုရင်တောင် ပရီးမီးယားလိဂ် ဖလားကို ပိုမို အာရုံစိုက်ကာ ကြိုးပမ်းနိုင်ဖို့ အတွက် ဥရောပ ပြိုင်ပွဲ မှာ အဓိကကစားသမားတွေကို အနားပေး သွားရန် ယာဂန်ကလော့ကို တိုက်တွန်း သွားပါတယ်။ လီဗာပူး ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ၂မှတ်အသာနဲ့ ဦးဆောင် နေပေမယ့်လည်း စီးတီးဟာ လက်ထဲမှာ တစ်ပွဲ ကစားဖို့ ကျန်သေးပါသေးတယ်။ ယာဂန်ကလော့ ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် ကို ရောက်နေပြီး ယနေ့ညမှာ ပေါ်တိုနဲ့ ပထမအကျော့ကို ကစားရမှာပါ။
ယူနိုက်တက် ဟာ ဆိုရင်လည်း ပရီးမီိးယားလိဂ် မှာ ထိပ်ဆုံး လေးသင်းဝင်ဖို့ အတွက် တိုက်ပွဲဝင် နေရပြီး ချန်ပီယံလိဂ် မှာလည်း ဘာစီလိုနာ နဲ့ ပွဲကြီးပွဲကောင်း ကစားရမှာပါ။ ယူနိုက်တက် နဲ့ လီဗာပူး တို့ ဒီအဆင့်မှာ အခြေအနေကောင်း ခဲ့ရင်တော့ ဆီမီးမှာ တွေ့ကြမှာ ဖြစ်ပါတယ်။ ကာရေဂါက အကယ်၍ ဆီမီးဖိုင်နယ် မှာ ခါးသီးပြိုင်ဘက် ယူနိုက်တက် နဲ့တွေ့မယ် ဆိုရင်တောင် ယာဂန်ကလော့ အနေနဲ့ ပရီးမီးယားလိဂ် ကိုသာ ဦးစားပေးရန် တိုက်တွန်း သွားပါတယ်။
ကာရေဂါက “အကယ်၍ ဒီနှစ်သင်းသာ ဆီမီးဖိုင်နယ်မှာ တွေ့မယ်ဆိုရင် မန်နေဂျာ နှစ်ဦးစလုံး အတွက် ကြီးကြီးမားမား ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်လာမှာပါ။ သေချာတာကတော့ ယာဂန်ကလော့ အတွက်ပါပဲ။ ပက်ရဲ့အသင်း ကတော့ အတောင့်တင်းဆုံး ပုံစံနဲ့ သွားနေအုံးမှာပါ။ လိဂ်ပွဲစဉ်တွေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကြားမှာ ကလော့ ဘာလုပ်သွားမှာလဲ? ကြီးမားတဲ့ ဆုံးဖြတ်ချက် ဖြစ်လာမှာပါ။
လီဗာပူး နဲ့ ပရိတ်သတ် တွေဟာ ပရီးမီးယားလိဂ် ဖလားကို ဘယ်လောက် လိုချင်သလဲဆိုတာ ယာဂန်ကလော့ သိပါတယ်။ အကယ်၍ လီဗာပူး သာ လိဂ်ပြိုင်ပွဲ မှာ အကောင်းဆုံး အခြေအနေ မှာ ရှိနေမယ် ဆိုရင် ယူနိုက်တက် နဲ့ ဆီမီးဖိုင်နယ် မှာ အဓိက ကစားသမားတွေကို အနားပေး သွားမယ်ဆိုရင်လည်း ကျွန်တော်ကတော့ ပြသနာ မရှိပါဘူး။ လီဗာပူး အတွက် ပရီးမီးယားလိဂ် ဖလားဟာ ဘယ်အရာမဆိုထက် ပိုမို ကြီးကြယ်ပါတယ်။” လို့ ဆိုသွားပါတယ်။
ဂျေမီကာရေဂါ က အီဒင်ဟာဇက် ဟာ ချဲလ်ဆီး အသင်းမှာ ဆက်ကစားဖို့ အတွက် အရမ်းကို ကောင်းလွန်းနေတယ်လို့ ဆိုလိုက်ပြီး လူးဝစ်ဆွာရက် ဟာ ဆိုရင်လည်း လီဗာပူးမှ ဘာစီလိုနာ အသင်းကို မပြောင်းရွေ့မီ ဒီလိုမျိုး ပြသနာမျိုး ကြုံတွေ့  ခဲ့ရတယ်လို့ ဆိုသွားပါတယ်။ ဟာဇက်ကို ရီးရဲယ်မက်ဒရစ် အသင်းက လာမည့် နွေရာသီမှာ ခေါ်ယူရန် အသဲအသန် ချိတ်ဆက်လျက် ရှိနေပြီး ကာရေဂါက ဘယ်ဂျီယံ စတား အတွက် အခုချိန်ဟာ ဇနက်ဒင်းဇိဒန်း ရဲ့ အသင်းထံ ပြောင်းရွေ့ ရတော့မယ့် အချိန် ကျရောက်နေပြီိလို့ ဆိုသွားပါတယ်။
ဆွာရက်ဟာ ၂၀၁၄ မှာ ဘာစီလိုနာ အသင်းထံ မပြောင်းရွေ့မီ ၂၀၁၃ မှာ အာဆင်နယ် အသင်းရဲ့ ချိတ်ဆက်ခြင်းကို ခံခဲ့ရပြီး အမ်းမရိတ်ထံ ပြောင်းရွေ့ဖို့ အတွက် အတော် နီးစပ်ခဲ့ပါတယ်။ ကာရေဂါက သူနဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျာရတ် တို့ဟာ ဥရုဂွေး လက်ရွေးစင် ကို အာဆင်နယ် အသင်းထံ မပြောင်းရွေ့စေရန် တားဆီး ခဲ့တယ်လို့ ဆိုလိုက်ပြီး အကြောင်းရင်း ကတော့ အာဆင်နယ် ဟာ ဆွာရက် အတွက် လုံလောက်အောင် ကောင်းမွန်မှု မရှိဘူးလို့ ခံစားမိတာကြောင့်လို့ ပြောသွားပါတယ်။
ကာရေဂါက “ကျွန်တော်ကတော့ ရီိးရဲယ်မက်ဒရစ် နဲ့ ဘာစီလိုနာ အသင်းတို့ထံ ကစားသမားတွေကို မပြောင်းရွေ့ရန် တားဆီးဖို့ မဖြစ်နိုင်သလောက်ပဲလို့ ထင်ပါတယ်။ ကျွန်တော် ကတော့ ကစားသမား တော်တော်များများဟာ ဒါကို ကစားသမား ဘဝရဲ့ အထွတ်အထိပ် လို့ မြင်နေကြ ပါတယ်။ ဒီလိုမျိုးဟာ ကျွန်တော်တို့ ကလပ် နှစ်ခုစလုံး မှာ ဖြစ်ခဲ့ ကြပါတယ်။ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး တို့ပါ။
ကျွန်တော်ကတော့ အခုချိန်မှာ ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ် အတွက် အရမ်းကောင်းလွန်း နေတယ်လို့ ထင်ပါတယ်။ သူဟာ ကစားသမား တစ်ဦး အနေနဲ့ ဒီလောက် ကောင်းတာပါ။ လူးဝစ်ဆွာရက် လီဗာပူး အသင်းမှာ တုန်းကလည်း ကျွန်တော် ဒီလို ထင်ခဲ့ပါတယ် ။ ကျွန်တော် သူ့ကို လီဗာပူး မှာ ဆက်ရှိ စေချင်ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော့် ခေါင်းထဲမှာတော့ သိနေ ခဲ့ပါတယ်။
သူ အာဆင်နယ် အသင်းကို ပြောင်းလုနီးပါး ဖြစ်ခဲ့တုန်းက စတီဗင်ဂျာရတ် နဲ့ ကျွန်တော်တို့ သူနဲ့ စကားပြော ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြောဖြစ်ခဲ့ကြတာ ကတော့ `မင်းဟာ အာဆင်နယ် အသင်းအတွက် အရမ်း ကောင်းလွန်း နေတယ်။ အကယ်၍ မင်း လီဗာပူး ကနေ ပြောင်းဖြစ်မယ် ဆိုရင် မင်းအနေနဲ့ ဘာစီလိုနာ အသင်းကိုသာ ပြောင်းရမှာပါ။´ လို့ ပြောခဲ့ပါတယ်။
ကျွန်တော်ကတော့ ဟာဇက်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦးလို့ ထင်ပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေဟာ ရီးရဲယ်မက်ဒရစ် နဲ့ ဘာစီလိုနာ တို့အတွက် ကစား ချင်ကြမှာပါ။ သူဟာ ချဲလ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလားတွေ ရရှိ ခဲ့ပါတယ်။ ဟာဇက် အနေနဲ့ ကစားသမား ဘဝ မကုန်မီ သူ့ရဲ့ CV မှာ ရီးရဲယ်မက်ဒရစ် အသင်း ရှိနေဖို့ လိုအပ်ပါတယ်။” လို့ ဆိုသွားပါတယ်။
ချဲလ်ဆီးအသင်း ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်း အသင်းကို ၂ – ၀ နဲ့ အိမ်ကွင်းမှာ အနိုင် ရရှိခဲ့ပြီး အမှတ်ပေးဇယား ရဲ့ အဆင့်၃ နေရာကို ရောက်ရှိ လာခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ချဲလ်ဆီး အတွက် ဂိုး နှစ်ဂိုးစလုံးကို ဟာဇက်က သွင်းယူ ပေးခဲ့ပြီး ၎င်းရဲ့ ပထမသွင်းဂိုး ကတော့ အံဖွယ်တစ်ဦးချင်း စွမ်းရည်နဲ့ သွင်းယူ ခဲ့တာ ဖြစ်ပြီး ဒီဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုး ဆန်ကာတင် စာရင်းမှာ ပါဝင် လာမှာ ဖြစ်ပါတယ်။
SM