မနေ့ ညက မန်ချက် စတာ ယူနိုက်တက် အမှုဆောင် အက်ဝုဒ်ဝက် ဟာ ဒါရိုက်တာ အဖွဲ့ဝင် တွေ ၊ အစု ရှယ်ယာ ၀င်တွေ နဲ့ ဘဏ္ဍာရေး ဆိုင်ရာ အစည်း အဝေး ကျင်းပ ခဲ့ ပါတယ် ။ အစည်း အဝေး မှာ ၀ုဒ်ဝက် က ယူနိုက်တက် ရဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာ ရေး နှစ် က ၀င်ငွေ ကို ထုတ်ပြန် ကြေငြာ ခဲ့ပြီး အသင်း ရဲ့ သမိုင်း တစ်လျောက် စံချိန်တင် ၀င်ငွေ ရရှိ ခဲ့တယ် လို့ သိရ ပါတယ် ။ ပမာဏ က ပေါင် သန်း ၆၀၀ ကျော် ဖြစ်ပြီး ဒီ ပမာဏ ကို ပထမဆုံး ၀င်ခဲ့တဲ့ ပရိးမီးယားလိဂ် ကလပ် ဖြစ်လာ ခဲ့ ပါတယ် ။

တဆက်တည်း မှာပဲ အက်ဝုဒ်ဝက် က ဒီ ၀င်ငွေ တွေ ကနေ အသင်းရဲ့ တိုးတက် ရေး အတွက် ပြန်လည် သုံးစွဲ သွားမယ် လို့ ပြောဆို ခဲ့သလို လက်ရှိ နည်းပြ ဆိုးရှား ရဲ့ အတွေး အခေါ် အယူ အဆ တွေကို နှစ်သက် သဘောကျပြီး လာမယ့် အပြောင်း အရွှေ့ ဈေးကွက် တွေ မှာ ဆိုးရှား လိုအပ်တဲ့ ကစား သမားတွေကို ဖြည့်ဆည်း ပေးမယ် လို့ ကတိပြု သွားခဲ့ ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေ ကတော့ ဒီ သတင်းတွေ ပေါ်ထွက် လာ အပြီး မှာ အသင်းရဲ့ ၀က်ဆိုက် တွေ ၊ မန်ချက် စတာ ညနေခင်း သတင်းဌာန စသည် တို့ရဲ့ အောက်တွေ မှာ ၀ုဒ်ဝက် ကို လှောင်ပြောင် တဲ့ မှတ်ချက် တွေ ပေးသွား ခဲ့ကြပြီး အသင်း ပိုင်ရှင် ဂလေဇာ မိသားစု ကို အသင်း ကနေ ထွက်သွား ဖို့ ပြောဆို ခဲ့ကြ ပါတယ် ။

ဒါဟာ အသင်း ပရိသတ်တွေ ရဲ့ ဘုတ်အဖွဲ့ နဲ့ အမှုဆောင် တို့ အပေါ် ယုံကြည်မှု မရှိ တဲ့ သဘောထား ကို ပေါ်လွင် စေခဲ့ ပါတယ် ။ ကလပ် အသင်း က စံချိန်တင် ၀င်ငွေ တွေ ရရှိ နေတဲ့ အချိန် မှာ အသင်းရဲ့ ကွင်းအတွင်း က ခြေစွမ်း နဲ့ ရလဒ်တွေ က တော့ အကျဘက် ကို ရောက် လာခဲ့ ပါတယ် ။ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး နောက်ပိုင်း အမှတ်ပေး ဖလား မရ တော့တာ ၆ နှစ် ကြာခဲ့ ပါပြီ ။

ဆိုးရှား ကို တရားဝင် ခန့်အပ် အပြီး မှာ လိုအပ်တဲ့ နေရာတွေ အတွက် ဖြည့်ဆည်းပေးမယ် လို့ ၀ုဝက်ဒ် က ထုတ်ပြောခဲ့ ပါတယ် ။ ဘစ်ဆာကာ ၊ ဂျိမ်းစ် နဲ့ မက်ဂွဲယား တို့ကို ခေါ်ဖို့ ငွေထုတ်ပေး ခဲ့ ပါတယ် ။ ဒါပေမယ့် လူကာကူ ကို ပြန်ရောင်း ထုတ်လိုက်ပြီး မက်ဂွဲယား အတွက် ကုန်မယ့် ငွေကို ကြိုရှာ ထားခဲ့ ပါတယ် ။

ဒန်နီရယ် ဂျိမ်းစ် အတွက် သုံးရတဲ့ ပေါင် ၁၅ သန်း ဆိုတာ အသင်းရဲ့ ဘတ်စ်ကား ဆီဖိုး လောက်တောင် ရှိမယ် မထင် ပါဘူး ။ ယူနိုက်တက် တကယ် သုံးလိုက် ရတာက ဘစ်ဆာကာ အတွက် ပေါင် သန်း ၅၀ ပါ ။ ဒီလောက် ကတော့ ဗီလာ တောင် မျက်တောင် မခတ်ပဲ သုံးနိုင်ပါတယ် ။

နောက်တန်း တစ်ယောက် အတွက် သန်း ၅၀ သုံးတယ် ဆိုတာ အခုခေတ် မှာ မဆန်းပြားတော့ ပါဘူး ။ မန်စီးတီး ကို ပက်ဂွာဒီယိုလာ ကိုင်အပြီး ဒုတိယ မြောက် ရာသိ မှာ ဝေါ်ကာ ၊ မန်ဒီ နဲ့ ဒါနီလို တို့ ၃ ယောက် ကို အပြောင်းအရွှေ့ တစ်ခု တည်းမှာ ခေါ်ခဲ့ တာကို မှတ်မိ ကြဦးမှာပါ ။ တစ်ယောက်ချင်း စီ ဟာ ဘစ်ဆာကာ အတွက် ပေးလိုက်ရတဲ့ ဈေးနဲ့ အတူတူ နီးပါးပါပဲ ။ ပြောချင်တာက စီးတီး က ခံစစ် သမား ၃ ယောက် အတွက် ငွေ ထုတ်နေ ချိန် မှာ ယူနိုက်တက် က တစ်ယောက် လောက် ကို အနိုင်နိုင် ၀ယ်နေရတယ် ဆိုတာပါပဲ ။

ဒါပေမယ့် ၀ုဒ်ဝက် ကတော့ အသင်းရဲ့ အပြောင်း အရွှေ့ ပေါ်လစီ က အောင်မြင်ခဲ့တယ် လို့ ပြောမှာ အသေအချာ ပါပဲ ။ ဆိုးရှား ဟာ လူငယ်တွေ ကို အသားပေးမယ့် နည်းပြ ၊ တစ်ချိန် တုန်းက ဆာအဲလက်စ် ဖာဂူဆန် လျောက်ခဲ့တဲ့ လမ်း လိုမျိုး အကယ်ဒမီ တွေကို အခြေပြုပြီး တည်ဆောက်မယ့် နည်းပြ ဆိုတဲ့စကား တွေ ကို ကြားရ ဦးမှာ သေချာ ပါတယ် ။ ဒီ စကားတွေ နဲ့ ယူနိုက်တက် ပရိသတ်တွေ ကို ၀မ်းချ ပြီး ဘဏ္ဍာရေး ဆိုင်ရာ အကျိုး အမြတ်တွေ ရ အောင် ဆက်ပြီး လုပ်နေဦး မှာပါ ။ ယူနိုက်တက် မှာ ဖြစ်နေတဲ့ အဲ့တာတွေ ပါပဲ

ဆိုးရှား ကို ယူနိုက်တက် နည်းပြ အဖြစ် အကြာကြီး မြင်ချင် သလား ၊ အသင်းကို အရင်တုန်းက လို အောင်မြင်မှုတွေ ပြန် ရစေချင် သလား . . . ဒါဆို ငွေသုံးလိုက် ပါ ။ ထပ်ခါ ထပ်ခါ ထပ်ခါ သုံးလိုက်ပါ ။ ငွေပေါ တဲ့ သူဌေး သား တစ်ယောက် ဈေးဝယ် ထွက်သလိုမျိုး သုံးပစ် လိုက်ပါ ။ ဘရာဗို ကို ခေါ်ပြီး မကြိုက်လို့ နောက်နှစ် မှာ အီဒါဆင် ကို ခေါ်ပစ်လိုက်တဲ့ ဂွာဒီယိုလာမျိုးငွေ သုံးကြမ်းခွင့် ပေးလိုက် ပါ ။ ၂ နှစ် ၃ နှစ် အတွင်းမှာ ယူနိုက်တက် တို့ ချန်ပီယံဆု ကို စိန်ခေါ်နိုင်တဲ့ အသင်း ပြန်ဖြစ် လာနိုင် ပါတယ် ။

ဒီလိုမှ မဟုတ်ဘဲ လူငယ်တွေ နဲ့ပဲ ရှေ့ဆက် နေဦးမယ် ဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ အကယ်ဒမီ တွေ နဲ့ အောင်ပွဲတွေကို တည်ဆောက်ခဲ့တာက ၁၉၉၅ လောက်ကပါ ။ အခု က ၂၀၁၉ ပါ ။ မန်စီးတီး ၊ လီဗာပူး တို့ရဲ့ တိုက်စစ် မှာ အကယ်ဒမီ ထွက် တွေ မရှိ ပါဘူး ။ ရီးရဲ မှာရော ဘာစီလိုနာ မှာ ပါ အကယ်ဒမီ ကစား သမားတွေ ကြီးစိုး မနေတော့ ပါဘူး ။ အကယ်ဒမီ တွေ နဲ့ အောင်မြင်မှုတွေကို တည်ဆောက်မယ် ဆိုတဲ့ လှိမ့်လုံးတွေ က ရလဒ်တွေကို ဘယ်လိုမှ ဖုံးကွယ် မပေးနိုင် ပါဘူး ။

ဆောင်းရာသီ အပြောင်း အရွှေ့ က ဇန်န၀ါရီ ၁ ရက်နေ့ ဆို စတင် မှာပါ ။ အက်ဝုဒ် ၀က် ရဲ့ စကား မှန် မမှန် စောင့်ကြည့် ရပါဦးမယ် ။ ယူနိုက်တက် တို့ ဈေးကွက် ထဲ မှာ အ၀ယ် ထွက် ဦးမှာပါ ။ ဒါပေမယ့် ပရိသတ်တွေ မျှော်မှန်း ထားသလိုမျိုး တန်ဖိုးမြင့် ထိပ်တန်း ကစား သမား တွေ ဖြစ်ဖို့ ထက် တန်ဖိုး သင့်တဲ့ လူငယ် ကစား သမားတွေ သာ ရောက်လာဖို့ များပါတယ် ။ ဒီ ကစား သမားတွေ ဟာ ဆိုးရှား ရဲ့ အတွေး အခေါ် တွေ ၊ အသင်းရဲ့ ပေါ်လစီ တွေ ဆိုတဲ့ စကားလုံးတွေ နဲ့ ပရိသတ်တွေ ကို ၀မ်းချ ဖို့ ၀ုဒ်ဝက် ကြိုးစား နေဦးမှာ ပါပဲ ။

အခုအချိန် အထိတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပုံရိပ် ဟာ ကြီးမား နေဆဲ ဖြစ်သလို ကမ္ဘာ တစ်ဝှမ်းမှာ လည်း ပရိသတ်တွေ အခိုင် အမာ ရှိနေဆဲ ပါ ။ ဒါပေမယ့် ဒါတွေ ဟာ တဖြည်းဖြည်း ကျဆင်း နေပါပြီ ။ အောင်မြင်မှုသာ မရဘူး ဆိုရင် နောက်ထပ် ၅ နှစ် လောက် အကြာ မှာ ယူနိုက်တက် ရဲ့ တန်ဖိုးတွေ ၊ အရှိန် အ၀ါတွေ က မှေးမှိန် လာမှာ ပါ ။ လက်ရှိ ပရိသတ်တွေ အသင်း မပြောင်းဘူး ဆိုရင်တောင် အနာဂါတ် မျိုးဆက် တွေ ထဲမှာ ယူနိုက်တက် ဂျာစီကို ၀တ်ဆင် ချင်တဲ့ သူတွေ နည်းပါး လာမှာ သေချာပါတယ် ။

အဲ့ဒီ အချိန် လောက် ဆို အက်ဝုဒ်ဝက် နဲ့ ဂလေဇာ မိသားစုတို့ ဘာလုပ်ကြမလဲ ။ အသင်း ကို ရောင်းထုတ်ပြီး တစ်နေရာရာ မှာ ရင်းနှီး မြှပ်နှံ ကြမယ် ဆိုတာ ကတော့ မေးစရာ လိုမှာ မဟုတ်ပါဘူး ။ တကယ်တန်း မေးချင်တာက အဲ့ဒီ အချိန် မှာ ယူနိုက်တက် တို့ ဘယ်လောက် တန်နေဦးမှာ လဲ ဆိုတာပါ . . .

SPORTS MYANMAR