One Championship ပြိုင်ပွဲ ရဲ့ သမိုင်းကြောင်း တစ်လျှောက် ၊ အကြီးမားဆုံး နဲ့ အထူးခြားဆုံး စိန်ခေါ်ထိုးသတ် ပွဲကြီးဟာ မကြာခင်မှာပဲ တရားဝင် ဖြစ်လာတော့မှာပါ။ အဲဒီ ပွဲစဉ်ကတော့ မြန်မာပြည်ဖွား ၊ လက်ရှိ ကမ္ဘာ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အန်ဆန်း ကို ဖီလစ်ပိုင် ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာ က စိန်ခေါ် ထိုးသတ်မှာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ကို အောက်တိုဘာလ အတွင်း ဂျပန် နိုင်ငံမှာ ကျင်းပ သွားမှာ ဖြစ်ပြီး ၊ ပွဲစဉ် မထိုးသတ်မီ အောင်လအန်ဆန်း ကို ဘာဖြစ်လို့ စိန်ခေါ်ခဲ့ရလဲ ဆိုတဲ့ အကြောင်း အရင်းကို အခု one championship က တွေ့ဆုံ မေးမြန်း သွားခဲ့ ပါတယ်။

မေး – ပထမဆုံး အနေနဲ့ ဘာဖြစ်လို့ အောင်လကို စိန်ခေါ် ခဲ့ရလဲ ဆိုတာကို ပြောပြပေး ပါဦး။

ဗီရာ – အဓိက ကတော့ အရင်ပွဲတွေက ကိုယ့်ရဲ့ ကြိုးဝိုင်းအတွင်းက စွမ်းဆောင်ရည်တွေကို အားရကျေနပ်ခြင်း မရှိလို့ပါ။ ပြီးတော့ လက်ရှိ အခိုက်အတန့်က အောင်လအန်ဆန်း အတွက် အမြင့်ဆုံး တွေမှာပဲ ပျံသန်းနေတဲ့ အချိန်လေ။ ကျနော် ကလဲ ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူချင်နေတာကြောင့် ၊ Light Heavyweight ချန်ပီယံဆု ကို စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီပွဲစဉ်ဟာ နောက်ထပ် ဂျပန်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ထိုးသတ်မှာ ဖြစ်ပြီး ၊ Event ရဲ့ အဓိက ပွဲစဉ် ဖြစ်လာဖွယ် ရှိပါတယ်။

အောင်လ ရဲ့ ကြိုးဝိုင်းထဲကို ရောက်သွားတော့ ကျနော်ဖြင့် တော်တော်လေးကို စိုးရိမ်မှုတွေ ဖြစ်ပေါ်နေခဲ့ မိပါတယ်။ သူ့ကို စိန်ခေါ် စကားဆိုရမှာကြောင့် စိုးရိမ်စိတ် ဖြစ်တာမျိုး မဟုတ်ပါဘူး ၊ ကိုယ်က အရမ်းလေးစားရတဲ့ ဖိုက်တာ တစ်ယောက် အနားကို ရောက်သွားလို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုး ဖြစ်သလို ၊ သူကိုယ်တိုင်က ဟာဆီဂါဝါ ကို အနိုင်ယူပြီး Middleweight ချန်ပီယံဆု ကိုလဲ ပူပူနွေးနွေး ကာကွယ် ထားတဲ့ အခိုက်အတန့်မျိုးမို့လေ။

ကြိုးဝိုင်းထဲ ကနေ ထွက်ပြီးတဲ့နောက်မှာလဲ အောင်လ နဲ့ နောက်ထပ် စကားပြောခွင့် ရခဲ့ပါသေးတယ် ၊ အဲဒီ အချိန်ရောက်မှ ကိုယ့် ရဲ့ လှုပ်ရှားနေတဲ့ စိတ်ကို တော်တော်လေး ထိန်းချုပ် နိုင်ခဲ့တာပါ။

မေး – အောင်လ ကို ဟာ အခြား ဖိုက်တာတွေ နဲ့ မတူတဲ့ အဆင့်အတန်းမျိုးမှာ ရှိတဲ့သူတစ်ယောက်လို့ ခင်ဗျားက သတ်မှတ်ထားတဲ့ အကြောင်း ပြောခဲ့တယ်နော်…….ဘာကြောင့်ပါလဲဗျ။

ဗီရာ – ဒီနေ့ ကမ္ဘာမှာ အဖေကောင်း ပီသတဲ့သူ ၊ လူတိုင်းရဲ့ စံပြ ပုဂိုလ် လဲ ဖြစ်မယ် ၊ MMA အပေါ် တကယ်ကို သစ္စာရှိတဲ့ သူမျိုး အရမ်းရှား သွားခဲ့ ပါပြီ။ အောင်လ ကတော့ အဲဒီ အချက်တွေ နဲ့ အားလုံး ပြည့်စုံနေသလို ၊ သူ့ ဖောက်သွားတဲ့ လမ်းကြောင်း နဲ့ ပတ်သက်ပြီး လူတိုင်းက အားကျခံထားရတဲ့ ဖိုက်တာမျိုးပါ။

ပြောရရင် အောင်လက ကျနော့်ထက် အသက်အရွယ် အားဖြင့် ငယ်ပါတယ် ၊ ဒါပေမယ့် သူဟာ ယောက်ျားတွေ အများကြီးထဲကမှ ယောက်ျားပီသတဲ့ သူတစ်ယောက်ပါ။ ဒါကြောင့် အခြားဖိုက်တာ တွေ နဲ့ သူ့ကို တန်းတူလို့ ကျနော်က မသတ်မှတ်ထားတာပေါ့။

ဒီကမ္ဘာကြီးမှာ အောင်လ လို လူမျိုးတွေ အများကြီး ရှိနေရင် ၊ ကမ္ဘာကြီးက ပိုကောင်းတဲ့ နေရာတစ်ခု ဖြစ်နေမှာ အသေအချာ ပြောရဲ ပါတယ်။

မေး – ဒီလို စိန်ခေါ်ပွဲမျိုး အရင်ကတည်းက ပေါ်ပေါက် စေချင်ခဲ့တာလား။

ဗီရာ – ဟုတ်လဲ ဟုတ်တယ် ၊ မဟုတ်လဲ မဟုတ်ဘူး လို့ပဲ ပြောပါရစေ။ ကျနော်က ကိုယ့်အတွက် ပြိုင်ဘက်ကောင်း တစ်ယောက်ကို ရှာနေခဲ့တာ ကြာပါပြီ။

ခင်ဗျားတို့ 300 ဇာတ်ကားကို ကြည့်ဖူးတယ် မို့လား ၊ စပါတန်တွေ က ပါရှန်တွေကို ကြည့်နေတဲ့ အခိုက်အတန့်မှာ ၊ လူတစ်ယောက်က ထူးထူးဆန်းဆန်း နဲ့ ရယ်နေတာလေ။ အခြားတစ်ယောက် က ဘာလို့ ရယ်နေတာလဲလို့ မေးတော့ ၊ စပါတန် က သူ့ဘ၀မှာ ဒီလို ခမ်းခမ်း နားနား နဲ့ သတ်ပုတ်ရတာမျိုးကို ရှာနေတာ ကြာပီ ၊ တစ်စုံ တစ်ယောက် ကတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေး နိုင်ကောင်း ပါရဲ့ ဆိုပြီး ပြောသွားခဲ့တာလေ။

အဲဒီလို ပါပဲ၊ ကျနော်လဲ ခန္ဒာကိုယ် တစ်ခုလုံး ကျိုးကြေချင် ကြေမွ သွားပါစေ။ အဲဒီလို တိုက်ခိုက်လာမယ့် ဖိုက်တာမျိုးကို ရှာနေတာပါ။ ဒါဟာ အားကစားနည်း တစ်ခုပဲလေ။ ကျနော့်ဘက်က ဘယ်လောက်အထိ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ အများကြီး ရှိနေသလဲ ဆိုတာ ထုတ်ပြပြီး ၊ တိုက်ခိုက်လို့ ရမယ့် ပြိုင်ဘက် မျိုးပေါ့။

ဒါ့ကြောင့် အောင်လ ဟာ ကျနော့်ရဲ့ ဖိုက်တာ ဘ၀မှာ တစ်ခါမှ မရောက်ရှိခဲ့ဘူးတဲ့ အခြေအနေမျိုး အထိ တိုက်ခိုက် ခေါ်ဆောင်မယ့် သူတစ်ယောက် ဖြစ်ဖို့ မျှော်လင့် ထားပါတယ်။

မေး – အောင်လထက် အားသာနေတဲ့ ခင်ဗျားရဲ့ အရည်အသွေးတွေက ဘာတွေ ဖြစ်မလဲ။

ဗီရာ – ပြောဖို့ အရမ်းခက်တယ်ဗျာ။ အောင်လ ရဲ့ အားနည်းချက် ဆိုတာ မမြင်မိ သလောက်ပါပဲ။ ပြီးတော့ ကျနော်တို့ နှစ်ယောက် အကြားမှာ ဆက်စပ်မှုတွေ အများကြီး ရှိတယ်ဗျ။

သူ့ရဲ့ နည်းပြဟာ ကျနော့် နည်းပြ လက်အောက်ကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်သလို ၊ ကျနော် တို့ နှစ်ယောက်ဟာ ပုံစံတူ ၊ နည်းစနစ် အတူ နဲ့ ခံယူချက် တူတဲ့ နည်းပြ တွေ ကနေ မွေးဖွားပေးလိုက်တာပါ။ နောက်ဆုံး သူ့ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဟန်ရီ ဟုဖ်ဆိုရင်လဲ ကျနော့် ရဲ့ Kickboxing ဆရာ ရော့ဘ် ကမန် နဲ့ အတူတူ 17 နှစ်လောက် လက်တွဲခဲ့တဲ့ သူတွေလေ။

ကျနော်တို့ နှစ်ယောက် ရဲ့ ထိုးသတ်ပုံတွေ ၊ ပွဲချဉ်းကပ်တဲ့ ဗျူဟာတွေဟာ တူညီမှုတွေ ရှိနေ ပါလိမ့်မယ်။ အဲဒီ အကြားထဲကမှ သူ့ရဲ့ အားနည်းချက်ကို ရှာပြီး ထိုးသတ်ရမှာပါ။ လာရာ လမ်းကြောင်းတူတဲ့ ဖိုက်တာ နှစ်ယောက် ထိုးတဲ့ ပွဲဖြစ်နေတဲ့ အတွက် ပိုပြီးတော့ စိတ်လှုပ်ရှားနေမိပါတယ်။