ဒီကနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ Maldives International Challenges ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်မှာတော့ မြန်မာ ကြက်တောင်မယ် သက်ထားသူဇာဟာ နာမည်ကြီး ကနေဒါ ကစားသမား ဘရစ်နီ တန် ကို အနိုင်ယူပြလိုက်ကာ ၊ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဘရစ်နီ တန် ဟာ ကမ္ဘာ့အဆင့် 47 မှာ ရပ်တည်နေတဲ့ ကစားသမား ဖြစ်ပြီး ၊ အခုကျင်းပနေတဲ့ ပြိုင်ပွဲ ရဲ့ အမျိုးသမီး တစ်ဦးချင်း ကဏ္ဍမှာ ဗိုလ်စွဲဖို့ ဒုတိယ ရေပန်း အစားဆုံး ဖြစ်ပါတယ်။

အဲဒီလို ကစားသမား တစ်ယောက်ကို သက်ထားသူဇာ က နောက်ကောက်ချပစ်လိုက်တာတော့ ကျနော်တို့ တစ်နိုင်ငံလုံးက ပြည်သူတွေ အနေနဲ့ လက်ခုပ်သြဘာ သောင်းသောင်းဖျဖျ နဲ့ ချီးကျူးရမှာပါ။

ပထမ ပွဲငယ်မှာတော့ သက်ထားသူဇာဟာ ဘရစ်နီ တန် ကို အကြိတ်အနယ် ကစားခဲ့ရပြီး 21-19 ရလာဒ် နဲ့ ကပ်ကာ သီကာ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယ ပွဲငယ်မှာတော့ ဘရစ်နီ တန် က ပြန် အသာရသွားပြီး 14-21 နဲ့ ရှုံးကြွေး ပြန်ဆပ်သွားခဲ့ပါတယ်။ ဒါကြောင့် တတိယ ပွဲစဉ်ဟာ အဆုံးအဖြတ် ဖြစ်လာတာမို့ ၊ သက်ထားသူဇာ ဟာ အကောင်းဆုံ ပုံစံနဲ့ အာရုံစိုက် ကစားသွားခဲ့တာမို့ ၊ ပထမ ပွဲငယ်ကလို အသဲအသန် ရုန်းကန်ရခြင်း မရှိပဲ 21-9 ရလာဒ် နဲ့ ပွဲကို ဖြတ်နိုင်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ တကယ်ကို ဂုဏ်ယူစရာပါ………..သက်ထားသူဇာ အနေနဲ့ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ သူ့အပေါ် သံသယ ဖြစ်နေတဲ့ သူတွေရဲ့ မေးခွန်းတွေကို ဒီပြိုင်ပွဲမှာ ထိပ်တန်း ပြိုင်ဘက်တွေကို ရင်ဆိုင် ကစားပြရင်း ၊ သက်သေပြနေတာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

အခုဆိုရင် သူမဟာ ဥရောပ က နာမည်ကြီး ကစားသမားတစ်ယောက်ကိုလဲ ကျော်ဖြတ် လာနိုင်ခဲ့ပြီ ဖြစ်သလို ၊ ကနေဒါက ချန်ပီယံဆုတွေ ရယူထားတဲ့ ကစားသမားကိုလဲ အနိုင်ယူပြခဲ့ပါပြီ။

ကနေဒါ ကစားသမားဟာ BWF Tour ပြိုင်ပွဲတွေမှာ ကျင်လည်နေသူ ဖြစ်တာကြောင့် ၊ အဲဒီလို ပြိုင်ဘက် ကစားသမားမျိုးကို အနိုင်ရတာဟာ သက်ထားသူဇာ အတွက်လဲ ဒီထက် ဆုကြေး ပိုမြင့်တဲ့ ၊ နိုင်ငံတကာ မီဒီယာတွေကို ပိုပြီး အာရုံစိုက်တဲ့ ပြိုင်ပွဲတွေ အထိ တက်လှမ်းဖို့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားပြီ ဆိုတာ သေချာပါတယ်။

သူမ ရဲ့ အသက်ဟာ အခုမှ 20 အရွယ်သာ ရှိသေးပြီး ၊ တကယ်တမ်း ကြိုးစားမယ် ဆိုပါက အမြင့်ဆုံး အောင်ပွဲတွေ အထိတောင် ရယူဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပြီမို့ ၊ လက်ရှိ ပုံစံအတိုင်း စိန်ခေါ်မှုတွေကို ရဲရဲ ရင်ဆိုင်ကာ ၊ ကိုယ့်ရဲ့ ပြိုင်ဘက်တိုင်းက မကြောက်မရွံ့ ယှဉ်ပြိုင် ကစားစေချင်ပါတယ်။

သက်ထားသူဇာဟာ အကြိုဗိုလ်လုပွဲမှာတော့ ဗီယက်နမ်သူ သီထရန်ဗူ နဲ့ ကစားသွားရမှာပါ။ သီထရန်ဗူ ဟာ ကမ္ဘာအဆင့် သတ်မှတ်ချက် 64 ရှိပြီး ၊ သက်ထားသူဇာ နဲ့ သမိုင်းကြောင်းက မကင်းထားတဲ့ ပြိုင်ဘက် တစ်ယောက်ပါ။

မကြာခင်က နိုင်ဂျီးရီးယားမှာ ကျင်းပခဲ့တဲ့ လားဂို့စ် ပြိုင်ပွဲမှာ တုန်းက ရှုံးထွက် အဆင့်မှာပဲ သက်ထားသူဇာ ကို နောက်ကောက်ချပြခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဒီတစ်ကြိမ်ကတော့ သက်ထားသူဇာ အနေနဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေလဲ ရရှိနေတာကြောင့် ၊ အဲဒီ ရှုံးကြွေးကို ပြန်ဆပ်ရင်း ၊ ဗိုလ်လုပွဲကို တက်ရောက် နိုင်အောင် ကြိုးစားစေချင်ပါတယ်။ ကြိုးစားမယ်လို့လဲ ယုံကြည်ပါတယ်။

သီထရန်ဗူ ထက် ပိုပြီးကောင်းတဲ့ ကစားသမားတွေတောင် အနိုင်ယူပြခဲ့တဲ့ စိတ်ဓါတ်ပိုင်းဟာ ၊ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ တွန်းအားတစ်ရပ် ဖြစ်ပါစေလို့ ဆန္ဒပြုသလို ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ နဲ့ အတူ မြန်မာပြည်ကလူတွေ နောက်ထပ် ဂုဏ်ယူရအောင် စွမ်းဆောင်ပြလိုက်ပါ ညီမငယ်ရေ………..