လီဗာပူး နည်းပြကြီး ကလော့ပ် ကတော့ မာတစ်ကို ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ဟာ ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွက် လီဗာပူး က လုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခု ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပြီး ၊ အခုလို ကစားသမား ဈေးကြီးမြှင့်လွန်းခဲ့ ခေတ်ထဲမှာ အလွတ်ကြေး နဲ့ ခေါ်ယူနိုင်ခဲ့တာက ယုံတောင် မယုံကြည်နိုင်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကလော့ပ် မှာ အများနဲ့ မတူပဲ ထူးခြားနေတဲ့ အရည်အသွေးများစွာခဲ့တဲ့ အဓိက ထင်ရှားနေတဲ့ နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ ကစားသမားတွေကို ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးရအောင် ၊ ပြုစုပျိုးထောင် နိုင်တဲ့ အရည်အချင်း ဖြစ်ပြီး ၊ ဒုတိယ တစ်ခုကတော့ ဈေးဈေးနည်းနည်း နဲ့ အလားအလာရှိတဲ့ ဘောလုံးသမားတွေကို ခေါ်ယူနိုင်စွမ်းရှိတာပါ။

လက်ရှိ ဘိုင်ယန် မြူးနစ်မှာ ဂိုးတွေ တစ်ဒိုင်းဒိုင်း သွင်းပြနေတဲ့ တိုက်စစ်မှုး လီဝန်ဒေါ့စကီးကို ပြောင်းရွှေ့ကြေး 3.5 သန်း ခေါ်ယူပြခဲ့တာ ဖြစ်သလို ၊ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲ က တစ်ယောက် ဖြစ်အောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဟမ်းမဲကို လဲ ပေါင် 3 သန်း နဲ့ လည်းကောင်း ၊ လက်ရှိ အာဆင်နယ် ဂိုးသွင်းစက် အူဘာမီးယန်း ကိုလဲ ပေါင် 13 သန်း ၀န်းကျင်နဲ့ လည်းကောင်း အသီးသီး ခေါ်ယူပြခဲ့တာပါ။

နောက်ဆုံးပြောရရင် လက်ရှိ အသင်းရဲ့ သွင်းဂိုးတွေ ကို ဒိုင်ခံသွင်းယူနေတဲ့ မာနေး နဲ့ ဆာလတ် တို့ နှစ်ယောက် ပေါင်းကိုတောင် ပေါင် 70 သန်း ၀န်းကျင်နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

သို့သော် လီဗာပူး ပရိသတ် အများစုရော ၊ ပရီးမီးယားလိဂ် အများစုဟာ ဗန်ဒိုက် ရဲ့ စွမ်းဆောင်ရည် ပိုင်းကိုသာ အသားပေးပြောနေကြပေမယ့် ၊ သူ့ရဲ့ ပါတနာ မာတစ်ရဲ့ အကြောင်းကိုတော့ သိပ်ပြီး အရေးတယူ ပြောဆိုနေကြခြင်း မရှိပါဘူး။ တကယ်ဆိုရင် မာတစ်ဟာ လီဗာပူးကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ရာသီ အစောပိုင်းမှာ အင်္ဂလန် လူငယ် နောက်တန်း ကစားသမားလေး ဂိုးမက်ဇ် ကို ပွဲထွက် ကစားသမား နေရာ လွှဲပြောင်းခဲ့ရသည့်တိုင်အောင် ၊ ဂိုးမက်ဇ် ဒဏ်ရာ ရသွားချိန်မှာတော့ သူ့ရဲ့ နေရာကို အကောင်းဆုံး အစားထိုးပြခဲ့သူ ဖြစ်ပါတယ်။

အထူးသဖြင့် သူ့ရဲ့ ဒုတိယ ရာသီဝက် ခြေစွမ်းဟာ ဘယ်သူမှ ထင်မှတ် မထားလောက်အောင် ကောင်းမွန်လွန်းခဲ့ပြီး ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလဲ ဒုတိယဂိုး ဖန်တီးပေးနိုင်ခဲ့ပြန်ပါတယ်။

ဒါ့အပြင် လက်ရှိ ဘောလုံးရာသီမှာလဲ လိုဗရန် ၊ ဂိုးမက်ဇ် တို့ကို နောက်ကောက်ချကာ ဗန်ဒိုက် နဲ့ အတွဲညီညီ ကစားပေးလျှက် ရှိနေကာ ၊ လီဗာပူး ရဲ့ တိုက်စစ်လမ်းကြောင်း ပုံဖော်ပုံတွေကို အရင်ကထက်တောင် ပိုပြီး လိုက်ပါ ကစားပေးလျှက် ရှိနေပါတယ်။

ကလော့ပ်တော့ မာတစ်လို ကစားသမားကောင်း တစ်ယောက်ကို အလွတ်ကြေး နဲ့ ခေါ်ယူနိုင်ခဲ့တာဟာ သိန်းထီပေါက်သလိုပဲလို့ တင်စားသွားခဲ့ပြီး ၊ သူ လုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

“ ဒီနေ့ခေတ်လို ဘောလုံးသမားဈေး က မိုးထိနေတဲ့ အချိန်မျိုးမှာ မာတစ်လို ခံစစ်မှုး တစ်ယောက်ကို အလကား ခေါ်ယူဖို့ ဆိုတော တော်တော်လေးကို မယုံကြည်နိုင်စရာ ကောင်းပါတယ်။ ပြောရရင် ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံး အပြောင်းအရွှေ့တွေထဲ က တစ်ခုလို့တောင် ပြောလို့ ရမယ် ထင်ပါတယ်။

သူဟာ ငယ်စဉ်ကတည်းက ပင်ကိုယ် ပါရမီ အပြည့်နဲ့ ကြီးပြင်းလာခဲ့သူဗျ။ ဒါကြောင့်လဲ ရှော်ကေးလို အသင်းမှာ အသက် 18 နှစ် လောက်နဲ့ နေရာ ရခဲ့တာပါ။ ဘွန်ဒက်လီဂါ ပြိုင်ပွဲကလဲ တကယ်ကို ပြင်းထန်တာကြောင့် ၊ သူလဲ အများကြီးကို တိုးတက်လာခဲ့ပါတယ်။

ကျနော်တို့ဆီ ရောက်လာခါစ တုန်းကတော့ သူ့မှ ခြေစွမ်း အတက်အကျ မငြိမ်တဲ့ ကာလတွေ ရှိခဲ့တာ မှန်ပါတယ် ဒါပေမယ့် အရပ် 6 ပေ 6 လောက်ရှိပြီး ၊ သူရဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံမျိုးနဲ့ အဲဒီလို ရုန်းကန်ရတာ သိပ်ပြီး မထူးဆန်းဘူးလေ။ အခုတော့ သူဟာ အများကြီး အများကြီးကို တိုးတက်လာခဲ့ပါပြီ။

ကျနော်တို့ အနေနဲ့ လိုဗန်ဖြစ်ဖြစ် ၊ မာတစ်ဖြစ်ဖြစ် ဘယ်သူ့ကိုပဲ သုံးသုံး ပြသနာ မရှိတော့ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။