ချဲဆီးလ်၊ မာဆေးလ် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း တဦးဖြစ်တဲ့ ဒရော့ဘာက လက်ရှိ PSG တိုက်စစ် အတွဲဖြစ်တဲ့ နေမာ နဲ့ အမ်ဘာပေ တို့ဟာ ဘလွန်းဒီအောဆု ဆွတ်ခူးနိုင်ဖို့ လိုအပ်တဲ့ အရာတွေ ပိုင်ဆိုင် နေပြီလို့ ဆိုလိုက်ပါတယ်။နေမာနဲ့ အမ်ဘာပေတို့ ဟာ ၂၀၁၇-၁၈ ဘောလုံးရာသီကနေ စတင်ပြီး PSG အသင်းမှာ တွဲဖက်ကစားနေခဲ့ကြတာဖြစ်ပါတယ်။

သူတို့ ဟာအခုချိန် အထိPSG အတွက် ပြိုင်ပွဲစုံမှာ၂ဦးပေါင်း သွင်းဂိုး ၁၁၅ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အသက်အရွယ်အားဖြင့် ကြီးရင့်ခြင်း မရှိသေးသလို ခြေစွမ်းကောင်းတွေပြသနေခဲ့တာကြောင့်လည်း သူတို့ရဲ့ ကစားသမား ဘဝမှာဘလွန်းဒီအော ဆုကို ဆွတ်ခူးသွားလိမ့်မယ်လို့ ဒရော့ဘာက ယုံကြည်နေတာဖြစ်ပါတယ်။

နောက်ဆုံး ဆယ်စုနှစ်အတွင်းမှာဘလွန်းဒီအောဆုကို ခွဲဝေရယူထားနိုင်ခဲ့တာကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီ တို့ဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ လူကာမိုဒရစ်က အဆိုပါ မှတ်တမ်းကို ရိုက်ချိုးထားလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဒရော့ဘာက – ” နေမာ နဲ့ အမ်ဘာပေ တို့ဟာ တနေ့နေ့မှာ ဘလွန်းဒီအောဆုကို ရယူသွားနိုင်ကြပါလိမ့်မယ်။သူတို့ဟာ ခြွင်းချက်မဲ့ အကောင်းဆုံး ကစားသမားအနည်းစုထဲမှာပါဝင်သူတွေဖြစ်ပါတယ်။သူတို့လိုကစားသမားမျိုးတွေ ကမ္ဘာပေါ်မှာ သိပ်မရှိပါဘူး။

နေမာက နေရာလွတ်တွေ ဖန်တီးပေးလေ့ရှိတဲ့ကစားသမားဖြစ်ပြီး အမ်ဘာပေကတော့ အဲ့ဒီနေရာလွတ်တွေကို ပြေးလွှားနေရာယူတတ်ပါတယ်။နေမာကအခွင့်အရေးတွေဖန်တီးပြီး အမ်ဘာပေကအသုံးချပါတယ်။အတော်လေးအလုပ်ဖြစ်တဲ့ အတွဲအဖက်မျိုးဖြစ်ပါတယ်။သူတို့သာကွင်းထဲမှာရှိမနေရင် PSG အသင်းကတောင့်တင်းမှု မရှိတော့ပါဘူး” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

၂၀၁၇ နွေရာသီမှာကမ္ဘာ့စံချိန်တင်ကြေးနဲ့ PSG အသင်းကိုရောက်လာခဲ့တဲ့ နေမာဟာ အသင်းဟောင်းဘာစီလိုနာထံကို ပြန်ချင်နေတယ်ဆိုတဲ့ သတင်းတွေ အခုနွေအတွင်းအတော်လေးကျယ်လောင်ခဲ့တာဖြစ်ပါတယ်။ဈေးကွက် ပိတ်သွားပြီဖြစ်လို့ အပြောင်းအရွှေ့ဖြစ်လာနိုင်တော့မှာ မဟုတ်ပေမယ့် သူ့အပေါ်PSG ပရိသတ် တွေရဲ့ပစ်မှတ်ထားလှောင်ပြောင်
မှုတွေကရှိနေသေးတာဖြစ်ပါတယ်။

ဒရော့ဘာကတော့ နေမာဟာ ပရိသတ်တွေရဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံမှုမျိုးခံထားခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ဒါပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုပြန်ရဖို့ အချိန်အကြာကြီး စောင့်ဆိုင်းဖို့ လိုလိမ့်မှာမဟုတ်ဘူးလို့ ယူဆနေပါတယ်။

ဒီအကြောင်းကို ဒရော့ဘာက – ” ပြီးခဲ့တဲ့ နွေရာသီတုန်းက ကိစ္စတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက နေမာကို ပြစ်တစ်မှု တွေပြုလုပ်နေကြတာ ဖက်ရှင်တခုလိုတောင်ဖြစ်နေပါတယ်။ဒါပေမယ့်လည်းကွင်းအတွင်းမှာ သူပါဝင်ကစားတာကိုကြည့်ပြီး ပျော်ရွှင်ကျေနပ်မှု မရဘူးလို့ ပြောတဲ့ သူတယောက်မှ မရှိပါဘူး။

ပွဲတွေပိုကစားရလာလေ အပြောင်းအလဲတွေဖြစ်လာပြီး သူ့ရဲ့ အရင်လိုပုံစံကိုပြန်ရလာပါလိမ့်မယ်။ဒီလို အသင်းကြီးတသင်းနဲ့ ဒီလိုကစားသမား မျိုးတွေ နွေရာသီအတွင်းဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးကျွန်တော် ဝမ်းနည်းမိပါတယ်။အသင်းတသင်းကနေ ထွက်ခွာချင်တဲ့ ကစားသမားမျိုးတွေရှိသလို အသင်းဘက်ကမရောင်းထုတ်ချင်တဲ့ကစားသမားတွေလည်းရှိပါတယ်။ဒါဟာခေတ်သစ်ဘောလုံးလောကဖြစ်ပါတယ် “လို့ပြောသွားခဲ့ပါတယ်။