ဒီညနေပိုင်းမှာ ကျင်းပခဲ့တဲ့ Maldives International Challenge 2019 ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲမှာတော့ မြန်မာ့ ကြက်တောင် ကစားသမား သက်ထားသူဇာဟာ ဟာ ကမ္ဘာ့အဆင့် 64 မှာ ရှိတဲ့ ဗီယက်နမ်သူ သီထရန်ဗူ ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲဟာ အပြန်အလှန် ရိုတ်ချက်တွေ နဲ့ အကြိတ်အနယ် ရှိခဲ့ပြီး ၊ ပထမ ပွဲငယ်မှာတော့ သီထရန်ဗူ က 21-14 နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော် သက်ထားသူဇာဟာ ဒုတိယ ပွဲအရောက်မှတော့ အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်နဲ့ ပြန်လည် တွန်းလှန်ခဲ့ပြီး 15-21 နဲ့ အနိုင်ယူပြ နိုင်ခဲ့ပါတယ်။

ဒါကြောင့် တတိယ ပွဲစဉ်ဟာ ဗိုလ်လုပွဲကို တက်ရောက်ဖို့ အဆုံးအဖြတ် ဖြစ်လာခဲ့ပြီး ၊ အကောင်းဆုံး ပုံစံတွေ နဲ့ ယှဉ်ပြိုင်ခဲ့သည့်တိုင်အောင် 21-16 ရလာဒ် နဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ ပွဲစဉ်ကြာချိန်ဟာ 1 နာရီကျော် အထိကို ရှိခဲ့တာ ဖြစ်လို့ တော်တော်လေးကို အကြိတ်အနယ် ရှိခဲ့တယ်လို့ ဆိုရမှာပါ။

သီထရန်ဗူဟာ ကွာတားဖိုင်နယ် အဆင့်မှာလဲ ပြင်သစ် က ကမ္ဘာ့အဆင့် 55 ကြက်တောင် ကစားသမားကို ကျော်ဖြတ် နိုင်ခဲ့တာ ဖြစ်လို့ ၊ ဒီပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်သွားခဲ့ပါတယ်။ သူမဟာ ဗိုလ်လုပွဲမှာတော့ မလေးရှား က ကမ္ဘာ့အဆင့် 102 မှာ ရပ်တည်နေတဲ့ အိုင်းရစ်ဝမ် နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

(အိုင်းရစ်ဝမ် ကတော့ ဒီပြိုင်ပွဲမှာ ရေပန်း အစားဆုံး ဖြစ်တဲ့ တူရကီ ကစားသမား ရီဂစ် (ကမ္ဘာ့အဆင့် 35) ကို 2 ပွဲပြတ် အနိုင်ကစားပြီး တက်ရောက်လာခဲ့တာပါ)

သက်ထားသူဇာ အတွက်တော့ ဗိုလ်လုပွဲ နဲ့ လွဲချော်သွားခဲ့သည့်တိုင်အောင် ဒီပွဲကနေ သင်ခန်းစာကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်မိသလို ၊ တိုးတက်လာတဲ့ စွမ်းဆောင်ရည်ကိုလဲ ဆက်လက် ထိန်းသိမ်းသွားဖို့ တိုက်တွန်းချင်ပါတယ်။

သူမ ကို အနိုင်ယူသွားတဲ့ ဗီယက်နမ်သူ သီထရန်ဗူ ဟာ အခု ဆိုရင် ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ် စလုံးမှာ အသာစီး ရယူသွားခဲ့တာပါ။ မကြာသေးခင်က နိုက်ဂျီးရီးယား နိုင်ငံမှာ ကျင်းပခဲ့တဲ့ လားဂိုးစ် ပြိုင်ပွဲမှာတုန်းကလဲ အနိုင်ယူထားခဲ့ဖူးပြီး ၊ ဒီတစ်ကြိမ်မှာလဲ နောက်ကောက်ချပြသွားခဲ့ပြန်ပါပြီ။

ဒါဟာ အရှေ့တောင် အာရှ ကစားသမားတွေ အကြားက ပြိုင်ဆိုင်မှု ပြင်းထန်ပုံကို ဖော်ညွှန်းနေတာ ဖြစ်သလို ၊ ထိပ်ဆုံးနေရာတွေ ရပ်တည်ဖို့ အတွက် လွယ်လွယ်နဲ့တော့ အကြောမခံနိုင်ဘူး ဆိုတဲ့ သင်ခန်းစာကောင်းတွေကို ပေးသွားခဲ့တာပါ။ အထူးသဖြင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက် မကွေမကွာ ကစားသမား အချင်းချင်းမှာ ၊ အိမ်နီးနားချင်းတွေက ကိုယ့်အတွက် နေရာ ပေးမထားချင်တဲ့ စိတ်ထားမျိးတွေကို ဒီ ထိပ်တိုက်တွေ့ဆုံမှုတွေ ကနေ ခန့်မှန်းလို့ရမယ် ထင်ပါတယ်။

ဒါကြောင့် ဒီထက် ပိုကောင်းတဲ့ ပြိုင်ပွဲတွေ ကို ၀င်ရောက်ယှဉ်ပြိုင်ရင်း ၊ သီထရန်ဗူ တို့လို ၊ ထိုင်း နဲ့ အင်ဒိုနီးရှား က ကမ္ဘာ့အဆင့် ထိပ်တန်း ကြက်တောင်မယ်တို့လို ကစားသမားတွေ နဲ့ ရင်ပေါင်တန်း နိုင်ဖို့ ဆက်လက် ကြိုးစားသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

တကယ်တော့ ဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်နဲ့ ကျေနပ်ရတယ် ဆိုပေမယ့် ၊ 2019 ခုနှစ် တစ်ခုလုံးကို ခြုံကြည့်လိုက်မယ် ဆိုရင် ၊ ဒီပြိုင်ပွဲမှာ သက်ထားသူဇာ စွမ်းဆောင်ပြသွားတဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးလို့တောင် ဆိုပါရစေ။

အရင်က ဒီလို International Challenge ပြိုင်ပွဲမျိုးဆိုရင် ရလာဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရတဲ့ သူမဟာ ဒီတစ်ကြိမ်မှာတော့ စိန်ခေါ်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ကာ ကစားပြသွားခဲ့တာ သေချာပါတယ်။

အဲဒီ အတွက် ညီမငယ် ရဲ့ စိတ်ဓါတ် နဲ့ ကြိုးစားမှုကိုလဲ အသိအမှတ်ပြုပါတယ်။

ဒီပြိုင်ပွဲရဲ့ အတွေ့အကြုံတွေက ကိုယ့်ထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် သာတဲ့ ကစားသမားတွေကိုလဲ အနိုင်ယူပြနိုင်တဲ့ စွမ်းဆောင်ရည်တွေ ညီမငယ်မှာ ပိုင်ဆိုင်ထားတယ် ဆိုတာ အားလုံးက လက်ခံထားပြီ ဖြစ်သလို ၊ အရှေ့တောင် အာရှ က ထိပ်တန်း ကစားသမားတွေ အကြားမှာလဲ ညီမ က ထိုးထွက်လာမှာ မလိုလားဘူး ဆိုတဲ့ ပုံစံမျိုးတွေ ကွင်းကွင်းကွက်ကွက် မြင်တွေ့လာခဲ့ရပါပြီ။

ဒါတွေဟာ ညီမ ရင်ဆိုင်ရမယ့် နောက်ထပ် စိန်ခေါ်မှုတွေ ဖြစ်သလို ၊ ယူတတ်မယ် ဆိုရင် ဒီထက် ပိုမြင့်မားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် စိတ်ဓါတ်ခွန်အားပေးစေမယ့် အရာမျိုးတွေလဲ ဖြစ်ပါတယ်။

နောက်တစ်ခုက နှစ်ယောက်တွဲ ပြိုင်ပွဲမျိုးတွေ ကိုလဲ လေးလေးနက်နက် ပြန်လည် စဉ်းစားစေလိုပါတယ်။ ဟိုတစ်နေ့က တစ်ရက်ထဲမှာပဲ 3 ပွဲ အထိ ကစားလိုက်ရတဲ့ အခြေအနေဟာ ၊ တစ်နေ့ တစ်ပွဲနှုန်း ကစားရတဲ့ ကြက်တောင် ကစားသမား တစ်ယောက်အတွက် ရုပ်ပိုင်း ဆိုင်ရာ အရရော ၊ စိတ်ပိုင်း ဆိုင်ရာ အရပါ တော်တော်လေး ပင်းပန်းမှုတွေ ရှိခဲ့မှာပါ။

ဒါကြောင့် ကိုယ်ရဲ့ ပြိုင်ပွဲ ရဲ့ ပွဲစဉ် ဇယားတွေကို သေချာ လေ့လာပြီးမှသာ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ တစ်ခုတည်းမှာပဲ ယှဉ်ပြိုင်မှာလား ၊ နှစ်ယောက်တွဲ ပြိုင်ပွဲမျိုးပါ ယှဉ်ပြိုင်မှာလား ဆိုတာ ဆုံးဖြတ်ချက် ချသင့်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် အခုလောက်အထိ စွမ်းဆောင် ပြသွားတာကိုပဲ ဂုဏ်ယူနေပါပြီ။ နောက်ထပ် ဒီထက် ပိုကောင်းတဲ့ အောင်မြင်မှုတွေ ရရှိလာဦးမယ်ဆိုတာလဲ ယုံကြည်ပါတယ်။ Fighting……..

SM