ယနေ့ည ၈နာရီခွဲ အချိန် မှာ ကစား ခဲ့တဲ့ ချယ်လ်ဆီး – ဘရိုက်တန် ပွဲစဉ် မှာ အိမ်ရှင် ချယ်လ်ဆီး အသင်း ဟာ ဂျော်ဂျင်ဟို ၊ ဝီလီယံ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၂ဂိုး ဂိုးမရှိ ရလဒ် နဲ့ အနိုင်ရကီာရာသီ ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲ အပြင် ပထမဆုံး Clean Sheet ကိုပါ ရယူ သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဘရိုက်တန် နဲ့ ပြည်တွင်းလိဂ် မှာ တွေ့ဆုံတိုင်း ရာနှုန်းပြည့် နိုင်ပွဲ ရတတ်တဲ့ ဓလေ့ ကို ချယ်လ်ဆီး နဲ့ ဖရန့် လမ်းပတ် တို့ ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပါတယ် ။ တပွဲလုံး ကို ဖိဖိစီးစီး နဲ့ ကစားခဲ့ပြီး အပိုင် အခွင့်အရေး များစွာ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အတော်လေး ညံ့ဖျင်း ခဲ့တာကြောင့် ၂ဂိုးထက် ပိုမရခဲ့ဘူး လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ပထမပိုင်း မှာ ဘရိုက်တန် အသင်း ဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ သရေ ရလဒ် ကိုသာ ဦးတည် လာတဲ့ ပုံပေါ် ခဲ့ပြီ ခံစစ် အထိုင် ဆော့ခဲ့သလို ၊ အိမ်ရှင် ချယ်လ်ဆီး အသင်း ကတော့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲ ရဖို့ အတွက် အပီအပြင် တိုက်စစ်ဖွင့် ဆော့ခဲ့ပါတယ် ။ အခွင့်အရေးကောင်း ထက်တောင် ပိုတဲ့ အပိုင် အခွင့်အရေး တွေ ၃လုံး ထက် မနည်း ရခဲ့ပါတယ် ။

ပထမပိုင်း ၁၃ မိနစ် မှာ ရရှိ လာတဲ့ တည်ကန်ဘော ကနေ တဆင့် မေဆင်မောင့် ရဲ့ ဖြတ်တင်ဘော ကို အေဘရာဟမ် အပိုင် ခေါင်း ဖြတ်တိုက် ခဲ့ပေမယ့် တိုင်ထိ ထွက်ခဲ့ ရလို့ စောစောစီးစီး အဖွင့်ဂိုး ရဖို့ ဝေးကွာ ခဲ့ပါတယ် ။ ပွဲချိန် ၃၆ မိနစ် မှာ အလွန်ဆို ရဲ့ လှပတဲ့ ဖြတ်တင်ဘော ကို ဘာကလေ အပိုင် ပိတ်ခဲ့ပေမယ့် ကန်ချက်ပျော့ပြီး ဂိုးသမား ရိုင်ယန် ကာကွယ် သွားနိုင် ခဲ့ပါတယ် ။

ဆက်တိုက် ဆိုသလို ချယ်လ်ဆီး တို့ တရစပ် တိုက်စစ်ဆင် လာခဲ့ကာ ဂျော်ဂျင်ဟို ရဲ့ လှပတဲ့ ဘောလုံး ပေးပို့မှု ကို ပတ်ဒရို ရရှိ ခဲ့ကာ ဂိုးသမား နဲ့ တဦးချင်း ကန်ခွင့် ရခဲ့ပေမယ့် အံ့အားသင့်စွာ ပဲ ဂိုးသမား ရိုင်ယန် တည့်တည့် ကိုသာ ကန်သွင်း နိုင်ခဲ့ပါတယ် ။ ဘရိုက်တန် ဖက်တော့ ရှားရှားပါးပါး အခွင့်အရေး တကြိမ်သာ ရခဲ့ပြီး ပါစကယ် ဂရော့စ် ရဲ့ ပေးပို့မှု ကို မော်ပေး ကန်သွင်းဖို့ ကြိုးစား ခဲ့ပေမယ့် အရှေ့တက်လာတဲ့ ကီပါ ကို မကျော် ခဲ့ရပါဘူး ။

ပထမပိုင်း အတွင်း မှာ ချယ်လ်ဆီး အသင်း ဟာ ယေဘူယျ အားဖြင့် တိုက်စစ်ပိုင်း မှာ သိသိသာသာ ဖိဖိစီးစီး ကစား နေနိုင် ခဲ့တယ် ဆိုပေမယ့် ကွင်းလယ်လူ စစ်စစ် ဆိုလို့ ဂျော်ဂျင်ဟို တယောက်တည်း ရှိနေတာကြောင့် ဘရိုက်တန် ရဲ့ တန်ပြန် တိုက်စစ် ကို ထိန်းချုပ်ဖို့ အတော်လေး ရုန်းကန် ခဲ့ရပါတယ် ။ ဒါ့အပြင် ဘာကလေ ၊ ဝီလီယံ ၊ ပတ်ဒရို တို့ရဲ့ ဘောလုံးကိုင် ကစားတာ များနေခဲ့တာကြောင့် ရသင့်တဲ့ ဂိုး တွေ မရခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။

ဒုတိယပိုင်း မှာတော့ ဘရိုက်တန် အသင်း ဟာ ကွင်းလယ်လူ ဘစ်ဆူးမား အစား နောက်ခံလူ ဘွန် ကို ထည့်သွင်း ကာ နောက်တန်း ၄ယောက် ကစားကွက် ကို ပြောင်းခဲ့ပါတယ် ။ ပွဲပြန်စလို့ ၃မိနစ် အကြာ မှာပဲ ဘရိုက်တန် ခံစစ်မှူး ဝက်ဘ်စ်တာ မေဆင်မောင့် ကို ပင်နယ်တီ ဧရိယာ အတွင်း ဖျက်ထုတ်ပုံ မသေသပ် ခဲ့လို့ ချယ်လ်ဆီး တို့ ပင်နယ်တီ ရခဲ့ပြီး ဒီ ပင်နယ်တီ ကို ဂျော်ဂျင်ဟို အမှားအယွင်း မရှိ ကန်သွင်း အဆုံးသတ် ခဲ့ပါတယ် ။

ပွဲချိန် ၆၁ မိနစ် မှာ ဘရိုက်တန် နောက်တန်း ဂိုးသမား ဆီ ပြန်ပေးရာ အေဘရာဟမ် အပိုင် ပိတ်သွင်းခွင့် ရခဲ့ပေမယ့် ရိုင်ယန် ကာကွယ် ခဲ့ပါတယ် ။ ပွဲချိန် ၇၂ မိနစ် မှာ ဘရိုက်တန် တို့ ချေပဂိုး ရဖို့ နီးစပ် ခဲ့ပြီး အယ်လ်ဇာတီ ရဲ့ ကန်ချက် ခရစ်တန်ဆန် နဲ့ ထိပြီး ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့ပါတယ် ။ ရရှိလာတဲ့ ထောင့်ကန်ဘော က တဆင့် ဝက်ဘ်စ်တာ အပိုင် ခေါင်းတိုက် ခဲ့ပေမယ့် မြေကြီး နဲ့ ထောင့်ကာ ဘားတန်း ထိထွက် ခဲ့ရပါတယ် ။

ပွဲချိန် ၇၆ မိနစ် မှာတော့ လူစားဝင် တောင်ပံ ကစားသမား အိုဒွိုင်း ရဲ့ ပေးပို့မှု ကို ဝီလီယံ တကိုယ်တော် ဆွဲပြေး ကန်သွင်း ရာမှာ ဘရိုက်တန် နောက်ခံလူ ဘန်း နဲ့ ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင် ခဲ့လို့ ဒုတိယမြောက် ဦးဆောင်ဂိုး ရခဲ့ပါတယ် ။ ဆက်တိုက် ဆိုသလိုပဲ ဂျော်ဂျင်ဟို ရဲ့ ပေးပို့မှု ကို အေဘရာဟမ် ဘရိုက်တန် ခံစစ် ကစားသမား၂ယောက် လောက်ကို ကျော်ဖြတ်ကာ ဂိုးသွင်းဖို့ ကြိုးစား ခဲ့ပေမယ့် ဂိုးကံခေ ခဲ့ပြန်ပါတယ် ။

လက်ကျန် ပွဲချိန် မှာ ၂သင်းလုံး နောက်ထပ် အခွင့်အရေး ကြီးကြီးမားမား မရခဲ့လို့ ၂ဂိုးပြတ် ရလဒ် နဲ့ ပွဲပြီး ခဲ့ရပါတယ် ။ ဒီပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ နောက်တန်း က set-piece အမှား တချို့ ကို ဆက်လက် မြင်တွေ့ ခဲ့ရသလို ၊ အဆုံးသတ်ပိုင်း မှာ လိုအပ်ချက် အတော်လေး င်္ှရှိနေခဲ့ပြီး လမ်းပတ် အနေနဲ့ လာမယ့် ပွဲစဉ် တွေမှာ ထို အားနည်းချက် တွေကို ပြင်ဆင် သွားဖို့ မျှော်လင့်ရင်း … ။

၂ဖက် အသင်း ရဲ့ ပွဲထွက် အခင်းအကျင်း

ချယ်လ်ဆီး ( ၄ – ၃ – ၃ )

ဂိုးသမား – ကီပါ ။
နောက်တန်း – အက်ဇ်ပီလီကွီတာ ၊ ခရစ်တန်ဆန် ၊ တိုမိုရီ ၊ မားကို့စ် အလွန်ဆို ။
ကွင်းလယ် – ဂျော်ဂျင်ဟို ၊ ဘာကလေ ၊ မေဆင်မောင့် ။
တိုက်စစ် – ပတ်ဒရို ၊ အေဘရာဟမ် ၊ ဝီလီယံ ။

ဘရိုက်တန် ( ၃ – ၄ – ၃ )

ဂိုးသမား – ရိုင်ယန် ။
နောက်တန်း – အဒမ် ဝက်ဘ်စ်တာ ၊ လူးဝစ် ဒန့်ခ် ၊ ဘန်း ။
ကွင်းလယ် – မွန်တိုယာ ၊ စတီဖင် ၊ ဘစ်ဆူးမား ၊ အယ်လ်ဇာတီ ။
တိုက်စစ် – ဂရော့စ် ၊ မော်ပေး ၊ မွိုင် ။

SPORTS MYANMAR