လီဗာပူး မန်နေဂျာ ယာဂန်ကလော့က သူ့အနေနဲ့ အသင်းတစ်သင်းကို ၈ ဂိုးပြတ်နဲ့ နိုင်တာထက် စာရင် ၁-၀ ရှစ်ပွဲသာ လိုချင်တယ်လို့ ရှက်ဖီးယူနိုက်တက် နဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ အကြောင်းကို ထည့်ပြောခဲ့ပါတယ်။ လီဗာပူးဟာ မနေ့ညက Bramall Lane မှာ ခရစ်ဝိုင်ဒါရဲ့ အသင်းနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင် ကစား ခဲ့ရပြီး နောက်ဆုံး မှာတော့ ရှက်ဖီးယူနိုက်တက် အသင်းကို ပွတ်ကာသီကာ ကပ်ပြီး အနိုင် ရရှိခဲ့ကာ ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်း ထားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ တစ်ပတ်က ၀က်ဖို့ဒ်ကို ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိ ထားခဲ့တဲ အပြင် မနေ့ညကလည်း ဂွတ်ဒီဆင် ပက်မှာ အဲဗာတန်ကို ၃-၁ နဲ့ အနိုင်ယူကာ လီဗာပူးကို ငါးမှတ် အကွာနဲ့ ဆက်လက် ဖိအားပေး နေပါတယ်။ ပုံစံကောင်း မပြသ နိုင်ခဲ့ပေမယ့်လည်း ၁-၀ ဆိုတဲ့ အနိုင်ရလဒ်ကို ခက်ခက်ခဲခဲ ညှစ်ယူနိုင်ခဲ့တာ အသင်းအတွက် ဘယ်လောက် အရေးပါသလဲလို့ ကလော့ကို ပွဲအပြီးမှာ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ပါတယ်။

man city

ကလော့က “ဒါဟာ ပိုမို အရေးပါတာ ကတော့ သေချာပါတယ်။ ၁-၀ နဲ့ ရှစ်ကြိမ် နိုင်တာဟာ ၈-၀ နဲ့ တစ်ပွဲတည်း နိုင်တာထက် ပိုမို အရေးပါပါတယ်။ ဒီလို မျိုးပါ။ ဒါပေမယ့်ကံမကောင်းစွာနဲ့ မန်ချက်စတာစီးတီးဟာ ၈-၀ နဲ့ တစ်ပွဲတည်း နိုင်မယ့် အသင်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ခင်ဗျား ကျွန်တော့်ကို အာမခံနိုင်တယ် ဆိုရင် ကျွန်တော် လာမည့် ၈ ပွဲကို ၁-၀ ဆိုတဲ့ ရလဒ် ယူပါမယ်။ ဒါပေမယ့် ဒါဟာ ခက်ခဲပါတယ်။

ကျွန်တော်တို့ဟာ လက်တွေ့ ကျသူတွေပါ။ ဒါပေမယ့် ဒါဟာ လက်တွေ့ ကျရမယ့် အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့ အားထုတ်ခဲ့မှုကို ခင်ဗျားတို့ လေးစား ရပါမယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ ကျွန်တော်တို့ အတိအကျ လုပ်သွားရမယ့် အရာ ဖြစ်လို့ပါ။ ကျွန်တော်တို့ တိုက်ပွဲ ၀င်ခဲ့ပါတယ်။ ပွဲမတိုင်မီ ကျွန်တော် ပြောခဲ့သလိုပဲ ရှက်ဖီးကို ကျွန်တော်တို့ထက် ပိုမို အားထုတ်ခွင့် ပေးသွားမှလား? No ပါ။ သူတို့ ဒီလို မဖြစ် ခဲ့ပါဘူး။ သူတို့ ပိုပြေး ခဲ့ကြသလား? No ပါ။ ဒါဟာ အရေးပါပါတယ်။ ကျွန်တော်တို့ ဒီလို လုပ်မှသာ အနိုင် ၃ မှတ် အတွက် အခွင့်အရေး ရှိမှာပါ။ ဒါဟာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရာပါပဲ။

ပြိုင်ဘက် ဂိုးပတ်ဝန်းကျင်မှာ ကံအနည်းငယ် ကောင်းဖို့တော့ လိုပါတယ်။ ဒါပေမယ့် ဒီလို ဂိုးရခဲ့တဲ့ အခြေအနေကြောင့် ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ ကြီးမားတဲ့ ကံကောင်းမှု လိုအပ်ခဲ့တဲ့ ပုံပါပဲ။ ကျွန်တော် ဒါကို လုံးဝ ကျေနပ်ပါတယ်။ ကျွန်တော်တို့ကော ၀ိုင်ဒါတို့ကော ဒီထက် ပိုကောင်းအောင် ကစား နိုင်တယ် ဆိုတာ သိပါတယ်။ ဒီနေ့ ကျွန်တော်တို့ ပျောက်ဆုံး နေတဲ့ နေ့လို့ မထင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီနေ့ဟာ ကိုယ့်ရဲ့ အကောင်းဆုံး ကစားပုံကို ပြသဖို့ အဆင်သင့် ဖြစ်နေတာထက် တိုက်ပွဲဝင် သွားဖို့ ပိုအရေးကြီးခဲ့လို့ပါ။ အကြောင်းကတော့ အကောင်းဆုံး ကစားဟန်ကို အချိန်တိုင်းတော့ ကစား နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တိုက်ပွဲဝင် ရတာ ကတော့ ၉၅ မိနစ်လုံး လုပ်ရတာပါ။ ဒါဟာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီရလဒ်နဲ့ ထိုက်တန် ပါတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ ကွင်းလယ်လူ ၀ိုင်နယ်ဒန် ကလည်း သူတို့ အသင်း ရှက်ဖီးယူနိုက်တက်နဲ့ ခက်ခဲတဲ့ ပွဲစဉ်မှာ အနိုင် ၃ မှတ် စုဆောင်း နိုင်ခဲ့တဲ့ အတွက် ကျေနပ်မိတယ်လို့ ဆိုလိုက်ပါတယ်။

ဝိုင်နယ်ဒန် က “ဒီရလဒ်ဟာ အရေးပါနိုင် ပါတယ်။ ရာသီအစပိုင်းမှာ ရလဒ်တွေ တက်နိုင်သမျှ များများ စုဆောင်းနိုင်တာဟာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရာသီအလယ်ပိုင်းတွေမှာ ခြေချော်လက်ချော် ဖြစ်တက်လို့ပါ။ ဒါ့ကြောင့် ဒါဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပုံစံမဟုတ်ဖို့ မျှော်လင့် ထားပါတယ်။ ဒါပေမယ့် ရာသီနှောင်းပိုင်းမှာ ကျွန်တော်တို့ ဒီလို ဖြစ်လာမှာပါ။ ဒ့ါကြောင့်လည်း အခုချိန် ရမှတ်တွေ အများကြီး စုဆောင်းထားနိုင်တာ ကောင်းပါတယ်။ ဒါဟာ အခု ကျွန်တော်တို့ လုပ်ပြ နေတာပါ။

ကျွန်တော်တို့ ဒီပွဲမှာ အစမကောင်း ခဲ့ပါဘူး။ မန်နေဂျာဟာ ကျွန်တော်တို့ ပထမပိုင်းမှာ ဘာလုပ်ခဲ့သလဲ ဆိုတာ ပြန်ပြ ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားပုံ အရမ်း နှေးခဲ့ပါတယ်။ ဒ့ါကြောင့်လည်း သူတို့ဟာ ကျွန်တော်တို့ တိုက်စစ်ကို ရပ်တန့် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲဟာ ခက်ခဲခဲ့ ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ဖို့ ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပွဲတော့ မဟုတ် ခဲ့ပါဘူး။ ဒါပေမယ့် နောက်ထပ် နိုင်ပွဲ ရခဲ့တာဟာ အရေးကြီးဆုံး အရာပါ။ နှစ်အနည်းငယ် လောက်တုန်းက ကျွန်တော်တို့ဟာ ဒီလို ပွဲတွေ အနိုင် ရဖို့ အတွက် ရုန်းကန် ခဲ့ရပါတယ်။ ဒီရာသီ နဲ့ ပြီးခဲ့တဲ့ ရာသီကတော့ အတော် ကောင်းလာ ခဲ့ပါတယ်။” လို့ ဆိုသွား ပါတယ်။

SM