အန်ဒီရောဘတ်ဆန် က လီဗာပူး အသင်းကို ရက်သတ္တပတ်တိုင်း ဆွဲဆောင်မှု ရှိတဲ့ ကစားပုံနဲ့ သက်တောင့်သက်သာ အနိုင် ရမယ်လို့ မျှော်လင့် မထားရန် ပြောလိုက် ပါတယ်။ လီဗာပူး ဘယ်နောက်ခံလူဟာ စနေနေ့က တန်းတက် ရှက်ဖီးယူနိုက်တက် အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူး အသင်း clean sheet ရအောင် အဓိက နေရာ ကနေ ပါဝင် ခဲ့ပါတယ်။

လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီး ချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ထိပ်ဆုံး မှာ ၅ မှတ် ပြတ်နဲ့ ဦးဆောင် နေပေမယ့်လည်း ယခုတစ်ပတ် ရှက်ဖီး ၊ ပြီးခဲ့တဲ့ တစ်ပတ်က ချဲလ်ဆီး ပွဲ အပါအ၀င် အကောင်းဆုံး ခြေစွမ်းမပြ နိုင်ဘဲ အနိုင် ရခဲ့တဲ့ ပွဲတွေ များခဲ့ ပါတယ်။ ဒါပေမယ့်လည်း ယာဂန်ကလော့ ရဲ့ အသင်းဟာ နိုင်ပွဲ တစ်ပွဲ ရအောင် ဘယ်လို ညှစ်ယူ ရမလဲ ဆိုတဲ့ အပိုင်း မှာတော့ တိုးတက်မှုတွေ ရှိလာ တာကို တွေ့လာ ရပါတယ်။

ဒါပေမယ့်လည်း ရောဘတ်ဆန်က သူ့ရဲ့ အသင်း အနေနဲ့ ရက်သတ္တပတ်တိုင်း လွယ်လွယ်ကူကူ အနိုင် ရမယ်လို့ မမျှော်လင့် ထားကြောင်း ဆိုသွား ပါတယ်။

စကော့တလန် ဘယ်နောက်ခံလူက “လှပတဲ့ ကစားပုံ နဲ့ ရက်သတ္တပတ်တိုင်း ၄-၀ ၊ ၅-၀ နဲ့ ကျွန်တော်တို့ အနိုင် မရ နိုင်ပါဘူး။ ဒီလို ကစား နိုင်တဲ့ ပွဲဆိုရင်တော့ ဖျော်ဖြေမှု ပေးနိုင် ခဲ့တဲ့ အတွက် အားလုံးဟာ လက်ခုပ်တီးပြီး ချီးကျူး နေကြမှာပါ။ ရှက်ဖီးနဲ့ ပွဲကတော့ မတူညီတဲ့ show တစ်ခုပါ။ ကျွန်တော်တို့ ခံစစ်ကို အထိုင်ချကာ ရုပ်ဆိုးဆိုး ကစား ခဲ့ရပြီး သူတို့နဲ့ အပြိင် တိုက်ပွဲ ၀င်သွား ရပါတယ်။ သူတို့ဟာ အရမ်းကို ရိုးရိုးရှင်းရှင်းနဲ့ ကောင်းအောင် ကစား နိုင်တဲ့ အသင်းဆိုတာကို ဒီနေ့မှာ ပြသ ခဲ့ပါတယ်။ သူတို့ဟာ အသင်းကောင်း ဖြစ်တဲ့ အပြင် ကိုယ့်ရဲ့ အားသာချက်ကိုလည်း သိပါတယ်။ ကျွန်တော် ကတော့ သူတို့ ဒီရာသီ ကောင်းကောင်း လုပ်နိုင်မယ်လို့ ထင်ပါတယ်။

ဒီကွင်းဟာ လာကစား ရတာ လွယ်ကူတဲ့ ကွင်းမဟုတ် ပါဘူး။ ဒ့ါကြောင့် သူတို့ရဲ့ လုပ်အားကို အမှီလိုက်နိုင်ဖို့ အရေးကြီး ပါတယ်။ ဒါကို ကျွန်တော်တို့ လုပ်နိုင် ခဲ့ပြီး သူတို့ရဲ့ အားထုတ်မှု ကိုလည်း အမှီလိုက် နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ ၅၀-၅၀ အခြေအနေနဲ့ နိုင်ခဲ့တာပါ။

ဒါပေမယ့် ကျွန်တော်တို့ အရည်အသွေး အချို့တော့ လိုအပ် ခဲ့ပါတယ်။ ဒါကိုသာ ပြနိုင် ခဲ့မယ် ဆိုရင် ကျွန်တော်တို့ ဒီထက် အနည်းငယ် ပိုပြီး သက်တောင့်သက်သာ အနိုင် ရနိုင် ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး ရောဘတ်ဆန် က “ခက်ခဲတဲ့ ပွဲ ဖြစ်ခဲ့ ပါတယ။် ကျွန်တော်တို့ အကောင်းဆုံး ပုံစံ မပြနိုင် ခဲ့ပါဘူး။ ဒါဟာ အမှန်တရား ပါပဲ။ ကိုယ့်ရဲ့ အသင်း အကောင်းဆုံး အနေအထားမှာ မရှိဘူး ဆိုရင် အခြား အသင်းဟာ ကိုယ့်ဘက်ကို ဖိအားတွေ ပေးနေပြီ ဆိုရင် အနိုင် ရဖို့ အတွက် အရေးကြီး ပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ ဒီလို လုပ်နိုင် ခဲ့ပြီး clean sheet ပါ ရခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် ပျော်စရာပါ။ ပြီးတော့ ကံကောင်းပြီး ရခဲ့တဲ့ ဂိုးပေါ့။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူး အသင်း ယခုလို ရာနှုန်းပြည့် နိုင်ပွဲ ရရှိ ခဲ့တဲ့ နေရာမှာ ရောဘတ်ဆန် ကို အထူး ချီးကျူး ရမှာ ဖြစ်ပြီး စကော့တလန် ကစားသမားဟာ ဂျွန်ဖလက်ရဲ့ ကန်ချက်ကို အကောင်းဆုံး ပုံစံနဲ့ ပိတ်ဆို့ကာ လီဗာပူး တို့ ဂိုးမပေး ရအောင် ကာကွယ် ပေးနိုင်ခဲ့ ပါတယ်။ ဒီအတွက်ကြောင့် လီဗာပူး ဟာ ၀ိုင်နယ်ဒန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ရခဲ့တာ ဖြစ်ပါတယ်။

ရောဘတ်ဆန် က “ဒီလို နေရာတွေကို လာပြီး clean sheet ရယူ နိုင်ဖို့ဟာ အရမ်းကို အရေးကြီး ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အတွက် အဆိုးဆုံး ရလဒ်ဟာ ၀-၀ ဖြစ်ရမှာ မို့လို့ပါ။ ဒါဟာ သိပ်တော့ မကောင်းပါဘူး။ ဒါပေမယ့် လက်ခံ သွား၇မှာ ဖြစ်ပြီး ရှေ့ဆက် သွားရပါမယ်။

ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ဖလက်ဟာ အထဲကို ချိုးဝင်မယ် ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကာဗာလုပ်ဖို့ ကြိုးစား ခဲ့ပြီး ကံကောင်းစွာနဲ့ပဲ ကျွန်တော့် ခြေထောက်နဲ့ ဘောလုံး ထိသွား ခဲ့ပါတယ်။ ပြီးတော့ ဂျီနီရဲ့ ဂိုးဆိုရင်လည်း ကျွန်တော် ပြောခဲ့သလိုပဲ။ ကံအနည်းငယ် ကောင်းခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ဆုံးမှာ အနိုင် ရခဲ့တာဟာ ထိုက်တန်မှု ရှိတယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM