မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင် နေကြတဲ့ လီဗာပူး နဲ့ မန်ချက်စတာစီးတီး အသင်း တို့ကို စိန်ခေါ် နိုင်ဖို့ မလွယ်ကူ တော့ပေမယ့်လည်း ဒန်နီမာဖီ ကတော့ ယာဂန်ကလော့ နဲ့ ပက်ဂွာဒီယိုလာ တို့ နှစ်သက်မယ့် ကစားသမား အချို့ ယူနိုက်တက် မှာ ရှိနေ သေးတယ်လို့ ယုံကြည် နေပါတယ်။

လက်ရှိ အချိန် အိုးထရပ်ဖို့ဒ် မှာတော့ အခြေအနေ တွေက လှပခြင်း မရှိဘဲ အိုလီဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ကစား အပြီးမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံး ရမှတ် ၈ မှတ်တနဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည် နေပြီး ထိပ်ဆုံးမှာ ဦးဆောင် နေတဲ့ လီဗာပူးထက် တစ်ပွဲလျော့ ကစားကာ ရမှတ် ၁၃ မှတ် ပြတ်နေ ပါတယ်။ ယူနိုက်တက်ဟာ ယနေ့ည မှာတော့ အိုးထရပ်ဖို့ဒ် ရဲ့ ပွဲကြီး ပွဲကောင်း အဖြစ် အာဆင်နယ်ကို လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဒီပွဲဟာ ရာသီကုန် Top 4 ၀င်ခွင့် အတွက်ပါ အရေး ပါနေ ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ဖလား ဟာ ယူနိုက်တက် ရဲ့ ခါးသီး ပြိုင်ဘက် တစ်သင်းသင်းဆီ ရောက်သွားဖို့ ရှိနေပြီး ယူနိုက်တက် ပရိတ်သတ် တွေကတော့ ဒီနှစ်သင်းနဲ့ ကွာဟချက်ကို လျော့ချ နိုင်ဖို့ အတွက် ဆန္ဒ ပြင်းပြ နေကာ ဒါဟာ နည်းပြ ဆိုးရှား အတွက် ကတော့ ကြီးမားတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။

သို့ပေမယ်လည်း လီဗာပူး ကွင်းလယ်လူဟောင်း မာဖီ က ယူနိုက်တက်မှာ မရေတွက် နိုင်တဲ့ ပြသနာတွေ ရှိနေ ပေမယ့်လည်း ကောင်းမွန်တဲ့ အရာ အချို့တော့ ရှိနေ သေးတယ်လို့ ယုံကြည် နေပါတယ်။ မာဖီဟာ ဒီရာသီ ယူနိုက်တက် ရဲ့ ခံစစ် ပြင်ဆင်မှုပိုင်းကို နှစ်သက် နေပြီး မားကပ်ရပ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ် တို့ဟာ ကလော့ ရဲ့ ဘောလုံး အယူအဆမှာ လွယ်ကူစွာ အံဝင် နိုင်မယ်လို့ ယုံကြည် နေတဲ့ အပြင် စီးတီး မန်နေဂျာ ပက်ဂွာဒီယိုလာ ကလည်း မက်ဂွိုင်းယား နဲ့ ပေါလ်ပေါ့ဘာ တို့ကို ခေါ်ယူ ချင်လိမ့်မယ်လို့ ဆိုသွား ပါတယ်။

မာဖီက “ပြီးခဲ့တဲ့ နွေရာသီ တုန်းက ယူနိုက်တက် ရဲ့ ငွေကြေး သုံးစွဲမှု တွေကြောင့် သူတို့ဟာ ဒေးဗစ်ဒီဂီယာ ၊ ဗစ်တာလင်ဒီလော့ဖ် ၊ အာရွမ် ၀မ်ဘစ်ဆာကာ ၊ ဟယ်ရီမက်ဂွိုင်းယား ၊ လူ့ရှော စတဲ့ မာကျောတဲ့ back-five ကို ပိုင်ဆိုင် သွားပါတယ်။ ဒါဟာ အသင်း တည်ဆောက်ဖို့ အတွက် ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ် တစ်ခု ဖြစ်ပြီး သူတို့ရဲ့ အသက်အရွယ်တွေ အရ ယူနိုက်တက် အနေနဲ့ လာမည့် နှစ်တွေမှာ သူတို့ အပေါ် မှီခို အားထား သင့်ပါတယ်။

ယူနိုက်တက်ဟာ သူတို့ရဲ့ ပြိုင်ဘက်တွေကို မှီဖို့ အတွက် အရည်အသွေး ပိုမို လိုအပ် ပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ အသင်းမှာ ဒီလို ကစားသမားတွေ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော့် အမြင် ကတော့ ယာဂန်ကလော့ အနေနဲ့ မားကပ်ရပ်ဖို့ဒ် ၊ ဒန်နီရယ်ဂျိမ်း တို့ကို လိုချင် ပါလိမ့်မယ်။ သူတို့ဟာ ကလော့ ရဲ့ ဘောလုံး အယူအဆမှာ အကောင်းဆုံး အံဝင်မယ့် သူတွေပါ။

မန်စီးတီး ဘက်ကို ကြည့်မယ် ဆိုရင်လည်း ကျွန်တော်တို့ သိထား ကြတဲ့ အတိုင်းပဲ ပက်ဂွာဒီယိုလာ ဟာ ဟယ်ရီ မက်ဂွိုင်းယား ကို နှစ်သက် ခဲ့ပါတယ်။ သူ ပေါ့ဘာကိုလည်း စောင့်ကြည့်ကောင်း စောင့်ကြည့် နိုင်ပြီး သူ တကယ် တိုးတက်အောင် လုပ်ပေး နိုင်မယ့် အရည်အသွေး ပေါ့ဘာမှာ ရှိနေတယ်လို့ တွေးထား နိုင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ရပ်ဖို့ဒ်ဟာ အိုးထရပ်ဖို့ဒ်ရဲ့ အကယ်ဒမီ ကနေ အသင်းကြီး ဆီကို ရောက်လာကာ လက်ရှိ မှာတော့ အဓိက ကစားသမား အဖြစ် ရပ်တည် နေပြီး ဒန်နီရယ်ဂျိမ်း ကတော့ ပြီးခဲ့တဲ့ နွေရာသီက ဆွမ်ဆီးမှာ ယူနိုက်တက် ကို ပေါင် ၁၅ သန်း နဲ့ ပြောင်းလာ ခဲ့ကာ ခုချိန်မှာ ဆိုးရှားရဲ့ အမာခံ ကစားသမား ဖြစ်နေပါတယ်။

SM