နာမည်ကျော်နည်းပြတဦးဖြစ်တဲ့ ဂွာဒီယိုလာဟာ အသက် ၄၈နှစ်အရွယ်သာရှိသေးပေမယ့် ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦးအဖြစ် သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။ဒီစပိန်သား ဟာဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအစရှိတဲ့ ထိပ်သီးအသင်းတွေနဲ့အတူသက်ဆိုင်ရာနိုင်ငံတွေမှာပြိုင်ဘက် မရှိအသင်းမျိုးဖြစ်အောင်စွမ်းဆောင်ပေးထားတဲ့ နည်းပြတဦးလည်းဖြစ်ပါတယ်။

သူဟာ ဘာစီလိုနာအသင်းကို လာလီဂါပြိုင်ပွဲမှာ ၃နှစ်ဆက်ဗိုလ်စွဲနိုင်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းကို ဘွန်ဒက်လီဂါ မှာ ၃နှစ်ဆက် ချန်ပီယံဖြစ်ထားစေခဲ့တာဖြစ်ပါတယ်။လက်ရှိကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကို လည်း ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၂နှစ်ဆက် ချန်ပီယံဆုတွေရယူပေးထားပြီး ပထမ၂သင်းနဲ့အတူရယူခဲ့ဖူးတဲ့ မှတ်တမ်းမျိုးထပ်ရဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ၂၀၁၈ ခုနှစ်မှာမန်စီးတီး အသင်းကို စံချိန်မှတ်တမ်းကောင်းများစွားနဲ့ ဗိုလ်စွဲထားစေခဲ့တာဖြစ်ပြီး ယမန်နှစ်ရာသီတုန်းကလည်း ပြည်တွင်းဖလား ၃လုံးအထိရယူပေးထားနိုင်ခဲ့တာဖြစိပါတယ်။ဒါပေမယ့် ဂွာဒီယိုလာအတွက် ပြောစရာအဖြစ်ရှိနေတာကတော့ ဘာစီလိုနာ အသင်းကနေ ထွက်လာအပြီးကတည်းက ချန်ပီယံလိဂ်အောင်မြင်မှု နဲ့ဝေးနေခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာ နူးကမ့်မြေမှာရှိနေစဉ် ၂၀၀၈-၀၉ ရာသီ နဲ့ ၂၀၁၀-၁၁ ရာသီတွေမှာ ချန်ပီယံလိဂ်ဆုဖလား ၂လုံးရယူပေးထားနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့တဲ့ ၄ရာသီကြာကာလအတွင်း မှာ ဥရောပချန်ပီယံဖြစ်အောင်စွမ်းဆောင်မပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီး အသင်းနဲ့အတူဖြတ်သန်းထားခဲ့တဲ့ ၃ နှစ်တာ အချိန်အပိုင်းအခြားအတွင်းမှာလည်း ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ နီးစပ်အောင်မလုပ်ပေးနိုင်သေးတာဖြစ်ပါတယ်။အီတီဟတ်မြေကို ချန်ပီယံလိဂ်ဆုဖလားကြီး သယ်ယူနိုင်ရေးဟာမန်စီးတီးတာဝန်ရှိသူတွေရဲ့ အဓိကမျှော်လင့်ချက်ဖြစ်ပေမယ့်ဒီရာသီမှာ မလုပ်ပေးနိုင်ခဲ့ရင်လည်းမိမိကိုယ်ကိုယ်သတ်သေမှာတော့မဟုတ်ဘူးလို ဂွာဒီယိုလာကဆိုပါတယ်။

ဒိုင်နမိုဇာဂရတ်နဲ့ ချန်ပီယံလိဂ်ပွဲကြို မီ ဒီယာတွေ့ဆုံပွဲမှာ ဂွာဒီယိုလာက – ” ချန်ပီယံလိဂ်အောင်မြင်မှုဆိုတာ မန်စီးတီးအသင်းရဲ့နောက်ထပ်ခြေလှမ်းဆိုတာအသေအချာပါပဲ။ဒါပေမယ့်လည်းတခါတလေမှာတော့ ဒါမျိုးကမဖြစ်နိုင်ပါဘူး။

နှစ် အနည်းငယ်လောက် အချိန်ယူရတတ်တာမျိုးရှိသလို တခါတလေမှာလည်းအချိန်ကြာတတ်ပါတယ်။ဘာစီလိုနာဟာကျွန်တော့နှလုံးသားထဲက အသင်းဖြစ်ပြီး သူတို့အတွက် ပထမဆုံးဒီဆုကြီးကို၁၉၉၂ ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တကယ်လို့ အဲ့ဒီတုန်းကသာ ကျွန်တော်အဆိုပါ ချန်ပီယံဆုကြီးကို အရယူမပေးနိုင်ခဲ့ရင်လည်း ဒီအသင်းမှာနောက် ၁၀ လလောက်ဆက်နေပြီး ဘေးအန္တရယ်ကြီးတခုအဖြစ် သဘောထားပြီးဆက်ကြိုးစားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာ ဗိုလ်စွဲချင်ပေမယ့် မရခဲ့ရင်လည်းကျွန်တော့ဘဝကို ပြောင်းလဲစေမှာတော့မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုယ်လည်းသတ်သေမှာမဟုတ်ပါဘူး။

ကျွန်တော် ဒီအသင်းကိုရောက်စပထမဆုံး အင်တာဗျူးတုန်းကလည်း ခင်ဗျားတို့က ချန်ပီယံလိဂ်ယူပေးဖို့ရောက်လာတာလားဆိုပြီးမေးကြပါတယ်။လုပ်ချင်စိတ်မရှိပဲရောက်လာဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒီပြိုင်ပွဲမှာဗိုလ်စွဲဖို့ ပထမရာသီမှာကော ဒုတိယရာသီမှာပါကြိုးစားထားခဲ့ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၃ရာသီမှာ မိုနာကို ၊ လီဗာပူး၊ စပါးအသင်းတွေကြောင့် ချန်ပီယံလိဂ်အိပ်မက်ပျက်ပြယ်ထားခဲ့တာဖြစ်ပါတယ်။သူတို့ဟာ ဒီရာသီအုပ်စုအဖွင့်ပွဲစဉ်မှာတော့ ရှက်တာ ဒိုးနက်စ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။