ပရီးမီးယားလိဂ်ပွဲစဉ် ၇ရဲ့ အကောင်းဆုံး နဲ့ နောက်ဆုံးပွဲစဉ် အဖြစ် ယနေ့ ညညဉ့်နက် ပိုင်းမှာ ယူနိုက်တက် နဲ့ အာဆင်နယ်တို့ ရင်ဆိုင်သွားကြတော့မှာဖြစ်ပါတယ်။လတ်တလောမှာ အခြေအနေ ဆိုးနေတဲ့ ၂သင်းဆုံတွေ့နေတာဖြစ်လို့ဘယ်အသင်းက ဖိအားတွေပိုတိုးသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာပြီးခဲ့တဲ့ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တောင်မရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အခုနွေမှာ အင်အားဖြည့်တင်းမှုတွေကို နည်းပြဆိုးလ်ရှားအတွက်အလုံးအရင်းလုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းက လည်း သက်တမ်းရှည် နည်းပြကြီး အာဆင်ဝင်းဂါး နဲ့ လမ်းခွဲအပြီး အူနိုင်းအမ်မရီကိုတာဝန်ပေးထားပေမယ့် ထင်သလောက်အဆင်ပြေထားခြင်းမရှိသေးပဲ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာတောင်ပြန်မရသေးတာဖြစ်ပါတယ်။လတ်တလောမှာ အာဆင်နယ်အသင်းက ယူနိုက်တက်ထက် ၃မှတ်အသာရနေပြီးအခြေအနေအနည်းငယ်ကောင်းနေပေမယ့် အိုးထရက်ဖို့ မှာလိဂ်ပွဲအဖြစ်နောက်ဆုံးအနိုင်ရခဲ့တာ၁၃ နှစ် အထိကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ခေတ်ဦးကတည်းအပြိုင်ဖြစ်နေခဲ့တဲ့ လတ်တလောမှာ နန်းကျဘုရင်တွေလိုဖြစ်နေတဲ့ဒီနှစ်သင်းရဲ့ကိုယ်စီရည်မှန်းချက်တွေ အတွက်၊ ဂုဏ်သိက္ခာအတွက်ပြိုင်ဆိုင်မှုမှာ ဘယ်လိုလူစာရင်းမျိုးနဲ့ ပွဲထွက်လာနိုင်တယ်ဆိုတာကို 90 minutes က အောက်ပါအတိုင်းခန့်မှန်းသွားခဲ့ပါတယ်။

>>>ယူနိုက်တက် အသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်း – – –

ဒီဂီယာ – ဒီရာသီမှာအကောင်းဆုံးလက်စွမ်းမရသေးပေမယ့် အဓိကဂိုးသမားဖြစ်တဲ့ ဒီစပိန်သားပဲပွဲထွက်လာဖို့ရှိနေပါတယ်။

ဘစ်ဆာကာ – ရာသီအစကတည်းကပွဲတိုင်းပါဝင်ခွင့်ရနေသလို ဘောလုံးဖြတ်ထုတ်မှုကောင်းတဲ့ ဘစ်ဆာကာကို ဂန်းနားတို့ကစမ်းသပ်သွားမှာဖြစ်ပါတယ်။

လင်ဒီလော့ဖ် – အမြင့်ဘောရှင်းထုတ်ပုံ မကောင်းပေမယ့်အာဆင်နယ်လိုအသင်းနဲ့ပွဲမှာပြသနာဖြစ်လာမှာတော့မဟုတ်ပါဘူး။

မက်ဂွိုင်းယား- လက်စတာအသင်းကနေရောက်လာပြီးကတည်းကတန်းပြီးနေရာရနေပေမယ့် ကွင်းလယ်ပိုင်းရဲ့အကာအကွယ်မရလို့ ပရီးမီးယားလိဂ်မှာတပွဲတဂိုးနှုန်းပေးထားခဲ့ရတာဖြစ်ပါတယ်။

ယန်း – လုခ်ရှောမကစားနိုင်သေးလို့ ယန်းကပဲ အသင်းခေါင်းဆောင်အဖြစ်ပွဲထွက်လာဖို့ရှိနေပါတယ်။

တွန်မီနေးလ် – ယူနိုက်တက်လိုအသင်းနဲ့ရာနှုန်းပြည့်ကိုက်ညီတဲ့ အရည်အသွေးမျိုးမရှိဘူးဆိုရင်တောင် ဒီရာသီမှာပွဲထွက်ခွင့်ရနေသူဖြစ်ပါတယ်။

မာတစ် – ကြံ့ခိုင်မှုစိတိမချရသေးတဲ့ ပေါ့ဘာနဲ့ ဖရက်ဒ်တို့ကြောင့် ဝါရင့်ကစားသမား မာတစ်ပဲပါဝင်လာဖို့များနေပါတယ်။

လင်ဂတ် – ၂၀၁၉ တနှစ်လုံးလိဂ်သွင်းဂိုးကောဖန်တီးမှုပါမရသေးပေမယ့်အာဆင်နယ်အသင်းနဲ့တွေ့တိုင်းပုံစံကောင်းပြတတ်မှုကသူ့ကိုအားတက်စေဖွယ်ရှိနေပါတယ်။

ပါရဲယား – အခြားတိုက်စစ်ကစားသမားတွေမပါဝင်နိုင်သေးလို့ ဆိုးလ်ရှားက ဒီဘရာဇီးလ်သားလေးကိုရွေးချယ်ဖို့ရှိနေပါတယ်။

ဂရင်းဝုဒ် – နောက်ဆုံး၂ပွဲမှာ ၂ဂိုးသွင်းယူထားခဲ့တဲ့ သူ့ကို ဆိုးလ်ရှားကဆက်သုံးဖွယ်ရှိနေပါတယ်။

ဒန်နီရယ်ဂျိန်းစ်- လျင်မြန်မှုနဲ့ အဆုံးသတ်ကောင်းမှုတွေက အာဆင်နယ်ကို ဒုက္ခပေးဖွယ်ရှိနေပါတယ်။

>>>အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်း – – –

လီနို – ပရီးမီးယားလိဂ်ပွဲတိုင်း ပါဝင်နေကြ ဒီဂျာမန်သားကို ပဲ အမ်မရီက ဆက်သုံးဖို့ ရှိနေပါတယ်။

ချန်ဘာ – ပြီးခဲ့တဲ့အပတ်မှာ မိတ်လန်းနိုင်းစ် အနီကတ်ထိသွားလို့ လတ်တလောခြေမှန်နေတဲ့ ချန်ဘာပွဲထွက်လာဖို့ရှိနေပါတယ်။

ဆိုကရေးတစ် – ဟိုးဒင်းပြန်ကစားနိုင်နေပြီဖြစ်ပေမယ့် ဒီရာသီလိဂ်ပွဲတိုင်းပါဝင်ထားတဲ့ ဝါရင့် ဂရိသားကြီးကပဲဆက်ပြီးပွဲထွက်လာဖွယ်ရှိနေပါတယ်။

ဒေးဗစ်လုဇ် – ပြီးခဲ့တဲ့ ပွဲတွေမှာအမှားတွေများထားခဲ့ပေမယ့် တခြားရွေးချယ်စရာကစားသမားမရှိသေးချိန်မှာအမ်မရီက ဒီဘရာဇီးလ်သားကိုဆက်ပြီးသုံးသွားဖို့ရှိနေပါတယ်။

တီယာနေး – ပြီးခဲ့တဲ့ ကြားရက်ပွဲစဉ်မှာအာဆင်နယ်ကစားသမားဘဝပွဲဦးထွက်အဖြစ်ပါဝင်ပြီးခြေစွမ်းပြခဲ့တဲ့ သူ့ကို ယူနိုက်တက် အသင်းနဲ့ပွဲမှာပါအခွင့်အရေးထပ်ပေးဖွယ်ရှိနေပါတယ်။

တော်ရဲယား – ပွဲကြီးတွေမှာ အကောင်းဆုံးဖြစ်နိုင်မယ့် လူစာရင်းမျိုးကို အသုံးပြုတတ်တဲ့ အမ်မရီတယောက် အခုပွဲမှာတော်ရဲယားကို ပွဲထုတ်ဖွယ်ရှိနေပါတယ်။

ရှာကာ – အသစ်စက်စက် ကပ္ပတိန်ရှာကာတယောက် ဒီရာထူးနဲ့ ထိုက်တန်ကြောင်း ပြသသွားရဦးမှာဖြစ်ပါတယ်။

ဂွမ်ဒူဇီ – ပြီးခဲ့တဲ့ ၃ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားတဲ့ ဂွမ်ဒူဇီက ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတဦးဖြစ်ပါတယ်။

ဆီဘယ်လော့စ် – ရီးရဲလ်ကနေ အငှားရောက်နေတဲ့ ဆီဘယ်လော့စ်တယောက် အိုဇေးလ်ကို ကျော်ပြီးထပ်မံ ပွဲထွက်လာဖွယ်ရှိနေပါတယ်။

ပီပီ – အူဘာမီယန်ကြောင့် ပင်နယ်တီဂိုးရခဲ့ပေမယ့် ကစားကွက်ကနေ ဂိုးသွင်းနိုင်ဖို့ ဒီပွဲမှာကြိုးစားပေးရဦးမှာဖြစ်ပါတယ်။

အူဘာမီယန် – အာဆင်နယ်အသင်းရဲ့ အားအထားရဆုံးတိုက်စစ်ကစားသမားဖြစ်ပြီးလာကာဇက် မရှိချိန်မှာဒီဂါဘွန်သားရဲ့လွှမ်းမိုးမှုကပိုပြီးများလာနေတာဖြစ်ပါတယ်။