kante vs lampard

ချယ်လ်ဆီး အသင်း ရဲ့ အဓိက ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ လီဗာပူး အသင်း ကို အိမ်ကွင်းမှာ ၁ – ၂ နဲ့ အရေးနိမ့် ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီး လေ့ကျင့်ရေး အစီအစဉ် တခုမှာ ဒူးဒဏ်ရာ အသေးစားလေး တခု ရရှိခဲ့တာကြောင့် ဘရိုက်တန် ကို အိမ်ကွင်း မှာ ၂ – ၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

မနေ့ ညနေ က လန်ဒန် မှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး လေ့ကျင့်ရေး အစီအစဉ် မှာတော့ ကန်တေ ဟာ ချယ်လ်ဆီး အသင်းဖော် တွေနဲ့ အတူ လေ့ကျင့်မှုများ ပြန်လည် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ယနေ့ည လိုင်လီ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာတော့ ကန်တေ ဟာ ပွဲချိန်ပြည့် မကစား ပေးနိုင်ရင်တောင် လိုအပ်သလောက် မိနစ် အချို့ ကို ပြန်ကစား ပေးနိုင်ဖို့ ရှိနေပါတယ် ။

ထို့အပြင် ချယ်လ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာ ဗလင်စီယာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ အရေးနိမ့် ထားခဲ့တာကြောင့် လက်ကျန် ၅ပွဲ မှာ ရနိုင်သလောက် နိုင်ပွဲ တွေ စုဆောင်းသွားဖို့ လိုအပ် နေပါတယ် ။ နည်းပြ ဘဝ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ အတွက် လမ်းပတ် အနေနဲ့ ကန်တေ ကို မဖြစ်မနေ ထည့်သုံးဖို့တော့ လိုနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ဘရိုက်တန် နဲ့ ပွဲမတိုင်မီ ရခဲ့တဲ့ ကန်တေ ရဲ့ ဒဏ်ရာ ဟာ ပြီးခဲ့တဲ့ ရာသီ က ရခဲ့တဲ့ ဒူးဒဏ်ရာ နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ၊ ဒဏ်ရာ က အသေးစားလေး သာ ဖြစ်ခဲ့ပြီး မနေ့က အသင်းသား တွေနဲ့ အတူ ပြန်ပြီး လေ့ကျင့်ရေး ဆင်းနိုင်ခဲ့ကြောင်း နဲ့ ယနေ့ည ပွဲမှာ ပြန်ပါဖို့ ကြံ့ခိုင်မှု အပြည့် ရှိနေမယ် လို့ မျှော်လင့်မိကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” အန်ဂိုလို ဟာ ဒီနေ့ မနက် ကပဲ ကျွန်တော် နဲ့ အတူ လေ့ကျင့်ရေး အစီအစဉ် တွေကို ပုံမှန် အတိုင်း ပြန်ပြီး ပြုလုပ်နေခဲ့ပါတယ် ။ လေ့ကျင့်ရေး အစီအစဉ် မှာ သူ့ရဲ့ လှုပ်ရှားပုံ တွေကို ကြည့်ရတာတော့ အဆင်ပြေပါတယ် ။ ဒါပေမယ့် သူဟာ မနက်ဖြန် ပွဲစဉ် မှာ ပါဝင်သင့် ၊ မပါဝင်သင့် ကို ဆေးထပ်စစ် ရဦးမယ့် ကစားသမား တဦး ဖြစ်ပါတယ် ။ ကျွန်တော် တို့ ဖက်ကတော့ သူ အသင်း အတွက် ပြန်ကစား ပေးနိုင်ဖို့ အကောင်းမြင်တဲ့ အနေနဲ့ မျှော်လင့် ထားပါတယ် ။ ”

” ဒဏ်ရာ အခြေအနေ ကို ကြည့်ရတာ ကတော့ သူ့ ဒဏ်ရာ ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီး က ရခဲ့တဲ့ ဒူးဒဏ်ရာ နဲ့တော့ သက်ဆိုင်နေခြင်း မရှိပါဘူး ။ အခုလို သူ တပွဲ ကစားလိုက် ၊ ဒဏ်ရာ ပြန်ထလာလိုက် ဖြစ်နေရတာ ဟာ ပြီးခဲ့တဲ့ ရာသီကြို ခရီးစဉ် တွေကို ကောင်းကောင်း မကျော်ဖြတ် ခဲ့ရတာနဲ့ သက်ဆိုင်မယ် လို့ ထင်ပါတယ် ။ အခုအခါမှာ ကာလရှည် အနားယူ နေခဲ့ရတဲ့ ဒဏ်ရာ က ပျောက်ကင်း သွားပါပြီ ။ ”

” ဒါကြောင့်မို့ အခု လက်ရှိ သူ ခံစား နေရတဲ့ ဒဏ်ရာ က အသေးအမွှားလေး တခုပါပဲ ။ ဒီကြားထဲမှာ သူ ကစားခဲ့ရတဲ့ ပွဲစဉ် တချို့ မှာလည်း တွန်းတိုက် ၊ ဖျက်ထုတ်ခံရတဲ့ အခိုက်အတန့် တွေနဲ့လည်း ကြုံခဲ့ဖူးပါတယ် ။ မန်ယူနိုက်တက် နဲ့ ပွဲက လျှောထိုး ဖျက်ထုတ်ခံခဲ့ရတဲ့ တကြိမ် ဟာ သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာ ကို ဖြစ်စေခဲ့ပါတယ် ။ ဒါ့အပြင် ဒီလို ဒဏ်ရာ တွေ ပြန်ရနေတာက သူ့အတွက် ကံဆိုးခဲ့တယ် လို့ ထင်ပါတယ် ။ ”

” အသင်း က ဆေးအဖွဲ့ ကလည်း သူ့ ဒဏ်ရာ အမြန်ဆုံး ပြန်ကောင်း လာစေဖို့ ၊ လာမယ့် ပွဲစဉ် တွေကို တောက်လျှောက် ပုံမှန်လေး ပြန်ကစား စေနိုင်ဖို့ ကြိုးစား လုပ်ဆောင် ပေးနေကြပါတယ် ။ မကြာခင်မှာ သူ ကျွန်တော် တို့ အတွက် ပြန်ကစား ပေးနိုင်မယ် လို့ ယုံကြည်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ကျွန်တော် တို့ အတွက် အရမ်း အရေးပါတဲ့ ကစားသမား တယောက် ဖြစ်နေလို့ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR