ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မစတင်မီ မှာ ၄င်းတို့နဲ့ တရာသီ သာ အတူ လက်တွဲ ခဲ့ပြီး လမ်းခွဲ ခဲ့တဲ့ အီတလီ လူမျိုး နည်းပြ မော်ရစ်ဇီယို ဆာရီ ရဲ့ နေရာ မှာ ၄င်းတို့ရဲ့ ဂန္တဝင် တဦး ဖြစ်သူ ၊ ဒါဘီ နည်းပြဟောင်း ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ခန့်အပ် ခဲ့ပါတယ် ။ လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ကို လူငယ် ကစားသမား အများအပြား နဲ့ တည်ဆောက် နိုင်ဖို့ ကြိုးစားလျက် ရှိနေပါတယ် ။

ကစားသမားသစ် ခေါ်ယူခွင့် မရှိနေတာ က ဖရန့် လမ်းပတ် ကို အကယ်ဒမီ မှ လူငယ် ကစားသမား တွေ အတွက် အခွင့်အရေး ပိုပေး နိုင်သလို ဖြစ်စေ ခဲ့ပါတယ် ။ လမ်းပတ် လက်ထက် မှာ ချယ်လ်ဆီး အသင်းသား အတော် များများ ခြေစွမ်း တိုးတက် လာကြပြီး အဲ့ဒီ ထဲမှာ မနှစ်က ချယ်လ်ဆီး ပရိသတ် တွေရဲ့ ဝေဖန်မှု ကို အတော်လေး ခံခဲ့ရတဲ့ ဂျော်ဂျင်ဟို လည်း တဦး အပါအဝင် ဖြစ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ က ပရီးမီးယားလိဂ် ရဲ့ သဘော ၊ သဘောဝ မှာ အထာ မနပ်သေးတာကြောင့် ဂျော်ဂျင်ဟို ရဲ့ ကြိုးစား အားထုတ်မှု ဟာ အလွဲလွဲ အချော်ချော် သာ ဖြစ်ခဲ့ရကာ ပရိသတ် တွေရဲ့ မျက်မုန်းကျိုးခြင်း ကိုလည်း ခံခဲ့ ရပါတယ် ။ ဒီရာသီ မှာတော့ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် ကို ဦးဆောင်နိုင်ရုံ တင်မက တသင်းလုံး ကိုပါ မောင်းနှင် နိုင်စွမ်း ရှိတယ် လို့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကိုယ်တိုင် ကပင် ချီးကျူး ဂုဏ်ပြု ပေးခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာလည်း ချယ်လ်ဆီး အသင်း နောက်ခံလူ ၊ အသင်း ခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ က ဒီနှစ် ဘောလုံး ရာသီ မှာ ဂျော်ဂျင်ဟို ရဲ့ အရေးပါပုံ တွေကို အခုလို ဖွဲ့နွှဲ့ ချီးကျူး ခဲ့ပါတယ် ။

အက်ဇ်ပီ က ” ဂျော်ဂျင်ဟို ဟာ ကျွန်တော် တို့ အသင်း ကို စတင် ရောက်ရှိ လာကတည်းက ကျွန်တော့ ကို အထင်ကြီးအောင် စွမ်းဆောင် ပြနိုင်ခဲ့တဲ့ ကစားသမား တဦးပါ ။ အမှန်အတိုင်း ပြောရရင် ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ဂျော်ဂျင်ဟို ဟာ မော်ရစ်ဇီယို ဆာရီ စေခိုင်းတဲ့ အတိုင်း အကောင်းဆုံး လိုက်ပြီး ဖြည့်ဆည်း ကစားပေး ခဲ့တာပါ ။ ”

” သူဟာ အတိုပေးဘော တွေ အများဆုံး ပေးရသလို ၊ ပွဲကို ထိန်းချုပ် ရာမှာလည်း အဓိက ကျခဲ့ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီမှာတော့ သူဟာ မန်နေဂျာ အသစ် လက်အောက် မှာ မတူညီတဲ့ နည်းစနစ် တခု မှာ အံဝင် အဆင်ပြေအောင် ကစား နေပြီ လို့ ကျွန်တော် ထင်ပါတယ် ။ သူ့ကို ကြည့်ရတာ အဝေးဘော တွေ ပေးပို့ရတာ ပိုပြီး ကြိုက်နှစ်သက် သလိုပါပဲ ။ ”

” ကစားကွက် အပြောင်းအလဲ မှာ သူ့ရဲ့ အဝေးဘော ပေးပို့မှု တွေနဲ့ အသင်း ရဲ့ ကစားကွက် ကို ပြန်ပြီး အသက်သွင်း ရပါတယ် ။ ဒီလို ကစားပုံ ကနေ တဆင့် တိုက်စစ်မှူး တွေ အတွက် ဂိုးသွင်းခွင့် တွေ ပိုရစေပါတယ် ။ ဒါတွေကို ဖယ်ထားလိုက်ရင်တောင် သူ့ရဲ့ လုပ်အားနှုန်း က အတော်လေး အံ့သြစရာပါ ။ သူဟာ ပွဲရဲ့ အခြေအနေ ကို ကောင်းကောင်း နားလည် သဘောပေါက် တဲ့ ကစားသမားပါ ။ ”

” ကိုယ့်ဖက် က ဘောလုံး ဆုံးရှုံး သွားရင် ပြိုင်ဖက် ဆီက ပြန်တားဆီးယူ ရာမှာလည်း ပိုပြီး သေသပ်လာပါပြီ ။ သူဟာ ဒီနှစ် ဘောလုံး ရာသီ တလျှောက်လုံး အတွက် ကျွန်တော် တို့ အသင်း ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR